The network connection is lost.

Banner Image

ဆန်းဒါးလန်းကိုရှုံးနိမ့်ခဲ့ခြင်းက နယူးကာဆယ်ရဲ့ရာသီကို အဆုံးအဖြတ်ပေးမှာမဟုတ်ဘူးလို့ ဟိုဝီပြော

နယူးကာဆယ်နည်းပြ အက်ဒီဟိုဝီက တနင်္ဂနွေနေ့က ဆန်းဒါးလန်းကို ၁-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ဟာ အသင်းရဲ့ရာသီကို အဆုံးအဖြတ်မပေးနိုင်ကြောင်း အခိုင်အမာ ပြောကြားလာခဲ့ပါတယ်။ ဆန်းဒါးလန်းနဲ့နယူးကာဆယ်တို့ဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်မှာ ပြန်လည်ဆုံတွေ့ခဲ့ကြတာဖြစ်ပြီး နယူးကာဆယ်တို့ရှုံးပွဲကြုံတွေ့ခဲ့ရတာကြောင့် နည်းပြ ဟိုဝီအနေနဲ့ စိတ်ပျက်မိကြောင်းပြောကြားခဲ့ပါတယ်။

ယခုပွဲစဉ်မှာ ဆန်းဒါးလန်းဟာ နယူးကာဆယ်တိုက်စစ်မှူး နစ်ခ်ဗော်တမာဒါရဲ့ လက်ဆောင်ဂိုးကြောင့် ဒုတိယပိုင်းအစမှာ ၁-၀ နဲ့စတင်ဦး‌ဆောင်နိုင်ခဲ့ပြီး အနိုင်ရလဒ်ကိုထိန်းသိမ်းနိုင်ခဲ့တာကြောင့် အိမ်ကွင်းမှာ အမှတ်ပြည့်ဖော်ဆောင်နိုင်ခဲ့ပါတယ်။ 

ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ဟိုဝီက "ရှုံးနိမ့်မှုက အတော်လေးဆိုးဝါးပါတယ်။ အရမ်းလည်းနာကျင်ရပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ အကောင်းဆုံးပွဲမဟုတ်ခဲ့ပါဘူး။ အသင်းရဲ့စွမ်းဆောင်နိုင်စွမ်းက လုံလောက်မှုမရှိခဲ့လို့ အရမ်းစိတ်ပျက်ရပါတယ်။ ဒါပေမယ့် ဒီရှုံးပွဲလေးက အသင်းရဲ့ရာသီကို အဆုံးအဖြတ်ပေးနိုင်မှာမဟုတ်ပါဘူး"

"ဒီနေ့မှာ ရလဒ်ပိုင်းကလွဲပြီး ကျန်တာဘာမှမဆုံးရှုံးခဲ့ရပါဘူး။ အခွင့်အရေးနည်းနည်းပဲရခဲ့တဲ့ပွဲစဉ်ဖြစ်ပြီး ကျွန်တော်တို့လိုချင်တဲ့ ဦးဆောင်ဂိုးကိုလည်း ရအောင်မယူနိုင်ခဲ့ပါဘူး။ ကြိုးစားအားထုတ်မှုရှိခဲ့ပေမယ့် အရည်အသွေးမမီခဲ့ပါဘူး။ အသင်းရဲ့ ကစားကွက်မှာလည်း လိုအပ်ချက်တွေရှိခဲ့လို့ လက်ခံဖို့ခက်ခဲတဲ့ ပွဲတစ်ပွဲပါ" လို့ပြောကြားခဲ့ပါတယ်။

လာမယ့် ကြာသပတေးနေ့မှာတော့ နယူးကာဆယ်ဟာ ကာရာဘောင်ဖလားကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဖူလ်ဟမ်ကို အိမ်ကွင်းမှာဧည့်ခံကစားသွားရမှာဖြစ်ပြီး နိုင်ပွဲပြန်လည်ရရှိအောင်စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။