The network connection is lost.

Banner Image

ဆီမန်ညိုအပြောင်းအရွှေ့အတွက် နောက်ဆုံးအဆင့်ဆွေးနွေးမှုတွေ ပြုလုပ်နေတဲ့ မန်စီးတီး

မန်စီးတီးက ဆီမန်ညိုရဲ့အပြောင်းအရွှေ့အတွက် သဘောတူညီချက်တစ်ခု ရယူထားနိုင်တယ်လို့ ယူဆရပြီး ကစားသမားကို အပြီးသတ်ခေါ်ယူနိုင်ရေး အတော်လေးနီးစပ်နေပြီလို့ သိရပါတယ်။ ဘုန်းမောက်နဲ့ ဆီမန်ညိုရဲ့လက်ရှိစာချုပ်မှာ ဇန်နဝါရီဈေးကွက်ရဲ့အစောပိုင်းနေ့ရက်တွေအတွင်း အသက်ဝင်ဖို့ရှိနေတဲ့ ပေါင် ၆၅ သန်းတန်စာချုပ်ဖျက်သိမ်းကြေး ပါဝင်ပါတယ်။

နည်းပြအီရာအိုလာလက်အောက် အခုရာသီ၊ ဘုန်းမောက်အတွက် ၁၇ ပွဲကစား၊ ကိုးဂိုးအထိသွင်းယူထားနိုင်တဲ့ တောင်ပံကစားသမားကိုခေါ်ယူနိုင်ဖို့ ပရီးမီးယားလိဂ်ကလပ်အသင်းအများအပြား ချိတ်ဆက်ခဲ့ကြပါတယ်။ အပြောင်းအရွှေ့အတွက် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားပြီလို့ ယူဆရပြီး နှစ်ဖက်ကလပ်အသင်းအကြား ဆွေးနွေးမှုတွေမှာ နောက်ဆုံးအဆင့်ဆီရောက်ရှိနေသလို သဘောတူညီချက်ကိုကြေညာသွားဖို့ ပြင်ဆင်နေပြီလို့ သတင်းထောက်ဖလိုရီယန်ပလက်တန်ဘတ်ချ်က ဖော်ပြခဲ့ပါတယ်။

သူက “ ဘုန်းမောက်ကစားသမားဆီမန်ညိုကိုခေါ်ယူနိုင်ရေး မန်စီးတီးတို့ သဘောတူညီမှုရရှိဖို့ အတော်လေးနီးစပ်နေပါပြီ။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဆွေးနွေးမှုတွေဟာ မြန်မြန်ဆန်ဆန်တိုးတက်လာခဲ့ပြီး အခုတော့ နောက်ဆုံးအဆင့်ဆီ ရောက်ရှိနေပါပြီ။ ကလပ်အသင်းနှစ်ခုအကြား ကစားသမားရဲ့စာချုပ်ဖျက်သိမ်းကြေးပေါင် ၆၅ သန်းအတွက် အသေးစိတ်အချက်အလက်တွေကို စီစဉ်နေကြပါတယ်။ ကစားသမားနဲ့လည်း မန်စီးတီးက နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီးပါပြီ။

ဒါပေမဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ လာမယ့်ကြာသပတေးနေ့အထိတော့ အသက်မဝင်သေးပါဘူး”လို့ ဖော်ပြခဲ့ပါတယ်။ အခုမနက်ပိုင်း၊ ချဲလ်ဆီးနဲ့တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းပွဲစဉ်မှာလည်း ဆီမန်ညို ပါဝင်ကစားခဲ့ပြီး ဘုန်းမောက်ရဲ့သွင်းဂိုးတွေမှာ ကြီးကြီးမားမားပါဝင်ပတ်သက်ခဲ့ပါတယ်။