အာဆင်နယ်တိုက်စစ်မှာ ဂျီးဆပ်စ်ကသာ နံပါတ်တစ်ဖြစ်သင့်ကြောင်း ကာရေဂါထောက်ပြ
လီဗာပူးနောက်ခံလူဟောင်း ဂျေမီကာရေဂါကတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းအတွက် စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်မှူး ဗစ်တာယောကရက်စ်ဟာ ပွဲထွက်ကစားသမားအဖြစ် မပါဝင်သင့်ဘူးလို့ ပြောဆိုလိုက်ပြီး ဂါဘရီရယ်ဂျီးဆပ်စ်ကသာ တိုက်စစ်ပိုင်းအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်တယ်လို့ အခိုင်အမာ ဆိုခဲ့ပါတယ်။ ဒီမှတ်ချက်တွေဟာ အက်စတွန်ဗီလာအသင်းကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။
အဲ့ဒီပွဲမှာ ယောကရက်စ်က ဂိုးပေါက်ပျောက်ဆုံးခဲ့ပြီး လူစားလဲခံခဲ့ရပေမယ့်၊ လူစားဝင်ကစားသမားအဖြစ် ဝင်ရောက်လာတဲ့ ဂျီးဆပ်စ်ကတော့ ကွင်းထဲရောက်ပြီး တစ်မိနစ်အကြာမှာပဲ ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ Sky Sports အစီအစဉ်မှာ ကာရေဂါက "ဂျီးဆပ်စ်လို ကစားသမားမျိုးကို ပိုင်ဆိုင်ထားတဲ့အချိန်မှာ ယောကရက်စ်အနေနဲ့ အာဆင်နယ်ရဲ့ ပွဲထွက်လူစာရင်းမှာ မပါသင့်ပါဘူး။ နောက်ထပ် ပွဲအနည်းငယ်လောက် ကစားပြီးလို့ ဂျီးဆပ်စ်ရဲ့ ကြံ့ခိုင်မှု အပြည့်အဝ ပြန်ကောင်းလာတဲ့အချိန်ကျရင် ယောကရက်စ်ထက် ပိုကောင်းတဲ့ ကစားသမားဆိုတာ သက်သေပြသွားမှာပါ။ ဒါက ငြင်းလို့မရတဲ့ အချက်ပါပဲ" လို့ ဆိုပါတယ်။
အရင်တုန်းကတော့ ဂျီးဆပ်စ်ဟာ ချန်ပီယံဆုရယူပေးနိုင်မယ့် တိုက်စစ်မှူး ဟုတ်မဟုတ် မေးခွန်းထုတ်စရာတွေ ရှိခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ပေါင် ၆၄ သန်းတန် ဆွီဒင်တိုက်စစ်မှူးထက် စွမ်းဆောင်ရည် ပိုကောင်းနေတယ်လို့ ကာရေဂါက ထောက်ပြပြောဆိုလိုက်တာပါ။ နွေရာသီအပြောင်းအရွှေ့မှာ နာမည်ကြီးခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် ယောကရက်စ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၅ ဂိုးသာ သွင်းယူထားနိုင်ပြီး အဲ့ဒီထဲက ၂ ဂိုးကလည်း ပင်နယ်တီကနေ ရရှိခဲ့တာ ဖြစ်ပါတယ်။
တဖက်မှာတော့ ဂျီးဆပ်စ်ဟာ ACL ဒဏ်ရာကြောင့် တစ်နှစ်နီးပါး အနားယူခဲ့ရပြီးမှ အသင်းကို ပြန်လည်ပူးပေါင်းလာနိုင်တာ ဖြစ်ပါတယ်။