The network connection is lost.

Banner Image

ခက်ခဲမယ့် ဆန်းဒါးလန်းနဲ့ပွဲစဉ်အတွက် ရိုဒရီပြန်လာနိုင်လိမ့်မယ်လို့ ဆိုလိုက်တဲ့ ပက်ဂွါဒီယိုလာ

မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက ဆန်းဒါးလန်းနဲ့ရင်ဆိုင်ဖို့ ပြင်ဆင်နေချိန်မှာပဲ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလကုန်ပိုင်း၊ လေဗာကူဆင်ကို အရေးနိမ့်ပြီးနောက် မန်စီးတီးက ပြိုင်ပွဲစုံကိုးပွဲဆက်တိုက် အနိုင်ရရှိခဲ့ပါတယ်။ ဒါက ၂၀၂၃-၂၀၂၄ ဘောလုံးရာသီကုန်၊ ကိုးပွဲဆက်အနိုင်ရပြီးနောက် အရှည်ကြာဆုံးနိုင်ပွဲဆက်မှုဖြစ်ပြီး Stadium of Light မှာ လိဂ်ကိုးပွဲဆက်တိုက်ရှုံးပွဲမရှိထားတဲ့ ကြောင်နက်တွေနဲ့ရင်ဆိုင်ချိန် ဒီစံချိန်ကို ဆက်ထိန်းသိမ်းထားနိုင်ဖို့ ပက်ဂွါဒီယိုလာကိုယ်တိုင် မျှော်လင့်နေပါလိမ့်မယ်။

ပထမဆုံးအနေနဲ့ ပက်ဂွါဒီယိုလာက အခုသီတင်းပတ်အတွင်း ရင်ဆိုင်ရမယ့် ပြိုင်ဘက်အကြောင်း ပြောပြခဲ့ပြီး တန်းတက်အသင်းနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်ကို ခက်ခဲတဲ့စမ်းသပ်မှုတစ်ခု ဖြစ်လာလိမ့်မယ်လို့ ရှင်းပြခဲ့ပါတယ်။ ပက်ဂွါဒီယိုလာက “ ဆန်းဒါလန်းဆိုတာ အရမ်းကောင်းတဲ့ပြိုင်ဘက်ပါ။ ဒီကွင်းဆီ ပထမဆုံးအကြိမ် ရောက်ရှိခဲ့ချိန်မှာလည်း မယုံကြည်နိုင်လောက်စရာပရိသတ်ထုကြီးနဲ့ ဆုံတွေ့ဖူးပါတယ်။ သူတို့တွေက နယူးကာဆယ်ကို အနိုင်ယူခဲ့သလို အက်စတွန်ဗီလာ၊ အာဆင်နယ်တို့နဲ့လည်း သရေကစားခဲ့ပါတယ်။

သိပ်မကြာသေးခင်ကပဲ သူတို့နဲ့ ကျွန်တော်တို့ ရင်ဆိုင်ခဲ့ဖူးပါတယ်။ ဆန်းဒါးလန်းဆီမှာ မယုံကြည်နိုင်လောက်စရာ ဘောလုံးရာသီကောင်းတစ်ခု ရှိလာခဲ့ပြီးပါပြီ။ တန်းတက်လာပြီးနောက် ကိုယ်က ရှိရင်းစွဲအသင်းလူစာရင်းအတိုင်း ဆက်အသုံးပြုနိုင်သလို ဆန်းဒါးလန်းလုပ်သလိုမျိုး ကစားသမားသစ် ၁၄ ဦးလောက်အထိ ခေါ်ယူတာမျိုးလည်း လုပ်နိုင်ပါတယ်။ ဒီလိုကစားသမားသစ်တွေနဲ့ အသင်းကိုလိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ရတာ မလွယ်ကူလှပါဘူး။ လီဘရစ်ကိုယ်တိုင် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။

လတ်တလောမှာ မန်စီးတီးက ဘုန်းမောက်ကြယ်ပွင့်ဆီမန်ညိုကိုခေါ်ယူနိုင်ဖို့ အတော်လေးနီးစပ်နေပါတယ်။ ပက်ဂွါဒီယိုလာကတော့ လက်ရှိအသင်းလူစာရင်းအကြောင်းကိုသာ ရှင်းပြသွားခဲ့ပြီး ဆန်းဒါးလန်းနဲ့ပွဲစဉ်အတွက် ရိုဒရီပြန်လာနိုင်ဖို့ရှိနေလို့ မန်စီးတီးရဲ့ချန်ပီယံဆုပြေးလမ်းမှာ ကြီးမားတဲ့အထောက်အကူတစ်ခု ဖြစ်လာလိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

စပိန်သားနည်းပြက “ ရိုဒရီ ပြန်လာပါပြီ။ မိနစ်အနည်းငယ်လောက်တော့ သူ ကစားကောင်းကစားနိုင်ပါလိမ့်မယ်။ ဒါကို ကျွန်တော်တို့ အရေးတကြီးလိုအပ်နေပါတယ်။ ဒိုကူလည်း ကစားကောင်းကစားနိုင်ပါတယ်။ ဂျွန်စတုန်းစ်နဲ့ အော်စကာဘော့ဘ်တို့တော့ မကစားနိုင်သေးပါဘူး။ ကျွန်တော်တို့မှာ ဒဏ်ရာရကစားသမားခုနစ်ဦး၊ ရှစ်ဦးလောက် ရှိခဲ့ပြီး အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအတွက် ကစားသမားနှစ်ဦးကို လက်လွှတ်ပေးထားရပါတယ်။ ဒဏ်ရာရကစားသမားငါးဦး အနည်းငယ်ပြန်ကောင်းလာပြီဖြစ်လို့ အသင်းရဲ့အခြေအနေက လောလောဆယ် အကောင်းဆုံးမဖြစ်သေးဘူးဆိုရင်တောင် ပြီးခဲ့တဲ့ဘောလုံးရာသီထက်တော့ ပိုကောင်းပါတယ်”လို့ ပြောပါတယ်။

နိဂုံးချုပ်အဖြစ် အမှတ်ပေးချန်ပီယံဆုပြေးလမ်းက ငါးမှတ်ဖြတ်ဦးဆောင်နေတဲ့ အာဆင်နယ်နဲ့ မန်စီးတီးတို့အတွက်ပဲ ဖြစ်လာမလားဆိုတဲ့ မေးခွန်းကို ပက်ဂွါဒီယိုလာက “ လွန်ခဲ့တဲ့သီတင်းပတ်အနည်းငယ်လောက်ကတော့ ချန်ပီယံပြေးလမ်းမှာ အာဆင်နယ်ပဲ ရှိခဲ့တယ်။ နောက်တော့ လွန်ခဲ့တဲ့နှစ်ရက်လောက်ကပဲ အသင်းသုံးခု ဖြစ်သွားပါတယ်။ အခုတော့ အသင်းနှစ်ခုပဲ ကျန်တော့တယ်။ ဒါကြောင့် ကျွန်တော်တို့ စောင့်ကြည့်သွားရပါလိမ့်မယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။