လီဗာပူးအနေနဲ့ ဆာလက်ရဲ့နေရာမှာ ဘိုဝမ်နဲ့အစားထိုးသင့်တယ်လို့ မိုက်ကယ်အိုဝင်ထောက်ပြ
ဝက်စ်ဟမ်းတောင်ပံကစားသမား ဘိုဝမ်ဟာ လီဗာပူးရဲ့ ဆာလက် နေရာမှာ အစားထိုးဖို့ အကောင်းဆုံးသူဖြစ်တယ်လို့ မိုက်ကယ်အိုဝင်က ယူဆနေပါတယ်။
အီဂျစ်ဂန္ထဝင်ကစားသမားကြီး ဆာလက်ဟာ ပရီးမီးယားလိဂ်ရဲ့ ခံစစ်တွေကို အစွမ်းပြပြီး စိုးမိုးခဲ့တဲ့ မာဆေးဆိုဒ်ကလပ်မှာ ၉ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် ဒီရာသီကုန်မှာ အန်ဖီးလ်ကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။
ဆာလက်ရဲ့ မှော်ဆန်တဲ့ ဘယ်ခြေဟာ အသင်းအတွက် ၄၄၀ ပွဲ ကစားပေးရာမှာ ၂၅၇ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး သူဟာ ကလပ်သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်အဖြစ် မှတ်တမ်းဝင်ကျန်ရစ်ခဲ့မှာပါ။
ဒါပေမဲ့ လီဗာပူးအတွက် အခက်ခဲဆုံးအပိုင်းကတော့ (ဒီရာသီမတိုင်ခင်အထိ) ပုံမှန်ခြေစွမ်းကောင်းတွေ အမြဲတစေ ပြသနိုင်ခဲ့တဲ့သူကို အစားထိုးဖို့ဖြစ်ပြီး မိုက်ကယ်အိုဝင်ကတော့ ဘိုဝမ်ဟာ ဆာလက်ရဲ့နေရာကို ဆက်ခံဖို့ အသင့်တော်ဆုံးသူအဖြစ် သတ်မှတ်ထားပါတယ်။
တကယ်လို့ ဝက်စ်ဟမ်းအသင်းသာ ချန်ပီယံရှစ်ကို တန်းဆင်းသွားခဲ့ရင် အာနယ်စလော့အနေနဲ့ ဘိုဝမ်ကို ဆာလက်ရဲ့ အမွေဆက်ခံသူအဖြစ် ခေါ်ယူဖို့ စဉ်းစားသင့်တယ်လို့ အိုဝင်က ယုံကြည်နေပါတယ်။
"ဘိုဝမ်က တကယ့်ကို ဂန္ထဝင်မြောက်တဲ့ ကစားသမားတစ်ယောက်ပါ၊ ဝက်စ်ဟမ်းပရိသတ်တွေကလည်း သူ့ကို အရမ်းချစ်ကြတာ တကယ်ကို မှန်ပါတယ်။ တကယ်လို့ ဝက်စ်ဟမ်းသာ တန်းဆင်းသွားရင်တော့ သူက ကျွန်တော့်အတွက် လီဗာပူးနဲ့ အကိုက်ညီဆုံးလူပဲ၊ သူက တကယ်ကို ထူးချွန်တဲ့သူပါ" လို့ လီဗာပူးတိုက်စစ်မှူးဟောင်းက talkSPORT ကို ပြောပြခဲ့ပါတယ်။
"ပြီးခဲ့တဲ့ရာသီက ရုပ်သံအစီအစဉ်တစ်ခုအတွက် တိုက်စစ်ပိုင်းဆိုင်ရာ သင်ခန်းစာတွေကို သူနဲ့အတူ လုပ်ဆောင်ခဲ့ရလို့ ကျွန်တော် ကံကောင်းခဲ့ပါတယ်၊ အဲဒီတုန်းက သူ့ခြေစွမ်းကို ကျွန်တော် မယုံနိုင်အောင် ဖြစ်ခဲ့ရတာပါ။ တကယ်ပြောတာပါ၊ ဘယ်ခြေရော ညာခြေရောက တကယ့်ကို ကောင်းမွန်ပြီး အဆုံးသတ်သေချာတဲ့ ထိပ်တန်းအဆင့် ကစားသမားတစ်ယောက်ပါ" လို့ ဆိုပါတယ်။
"ဝက်စ်ဟမ်းပရိသတ်တွေကို စိတ်မဆိုးစေချင်ပေမဲ့ သူတို့အသင်းသာ တန်းဆင်းသွားခဲ့ရင် ဆာလက်ရဲ့နေရာမှာ အစားထိုးဖို့ ကျွန်တော်စဉ်းစားထားတဲ့သူကတော့ ဘိုဝမ်ပဲ ဖြစ်ပါတယ်" လို့ သူက ဆက်ပြောပါတယ်။
ဒီရာသီမှာ ဝက်စ်ဟမ်းအသင်း ခြေစွမ်းမကောင်းပေမဲ့ ဘိုဝမ်ရဲ့ ရှေ့တန်းပိုင်းမှာ စွမ်းဆောင်ရည်ကောင်းမွန်မှုတွေကြောင့် ပရီးမီးယားလိဂ်မှာ ဆက်ရှိနေဖို့ မျှော်လင့်ချက် ရှိနေတာပါ။
အသက် ၂၉ နှစ်အရွယ် ဘိုဝမ်ဟာ အခုရာသီ ပရီးမီးယားလိဂ်မှာ ၆ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၀ ကြိမ်အထိ ပြုလုပ်ထားနိုင်တာဟာ တန်းဆင်းဇုန်ကနေ ရုန်းကန်နေရတဲ့ အသင်းတစ်သင်းအတွက်တော့ တကယ့်ကို အံ့အားသင့်စရာ စွမ်းဆောင်ရည်ပဲ ဖြစ်ပါတယ်။
ဘိုဝမ်ဟာ ဝက်စ်ဟမ်းအသင်းအတွက် နှစ်ပေါင်းများစွာ ကယ်တင်ရှင်ဖြစ်ခဲ့သလို ၂၀၂၃ ခုနှစ်က ယူရိုပါကွန်ဖရင့်လိဂ် ဗိုလ်လုပွဲမှာလည်း အနိုင်ဂိုး သွင်းပေးခဲ့သူပါ။ ဒါကြောင့် သူသာ နွေရာသီမှာ အသင်းကနေ ထွက်ခွာခဲ့မယ်ဆိုရင်တောင် ဘယ်သူကမှ ဒီဆုံးဖြတ်ချက်အပေါ် ငြင်းစရာရှိမှာ မဟုတ်ပါဘူး။