The network connection is lost.

Banner Image

မိုက်ကယ်ကာရစ်ကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်စေချင်နေတဲ့ ယူနိုက်တက်ကစားသမားတွေအကြောင်း အာမက်ဒီယာလို ဖွင့်ဟ

မန်ချက်စတာယူနိုက်တက် တောင်ပံကစားသမား အာမက်ဒီယာလိုက နည်းပြ မိုက်ကယ်ကာရစ်ရဲ့ လက်အောက်မှာ ဖြတ်သန်းနေရတဲ့ အသင်းရဲ့ အခြေအနေတွေအကြောင်းကို ပြောပြလာပြီး "နောက်ရာသီမှာလည်း သူ့ကိုပဲ နည်းပြအဖြစ် ဆက်ရှိနေမယ်ဆိုရင် ကျွန်တော်တို့အားလုံး ပျော်ရွှင်မိမှာပါ" လို့ ဆိုပါတယ်။

ကာရစ်ဟာ ယူနိုက်တက်ကို တာဝန်ယူပြီးနောက်ပိုင်းမှာ အံ့အားသင့်စရာကောင်းလောက်အောင် ပြောင်းလဲပေးနိုင်ခဲ့တာပါ။ ရူဘင်အမောရင်း လက်ထက်က ဇယားအလယ်အလတ်ပိုင်းမှာသာ ရှိနေတဲ့ အသင်းကို လက်ကျန် ၃ ပွဲအလိုမှာတင် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် အာမက်ဒီယာလိုက Sky Sports နဲ့ အင်တာဗျူးမှာ အသင်းရဲ့ အခြေအနေတွေကို ရှင်းပြခဲ့ပြီး ကစားသမားအားလုံးက ကာရစ်ကို ယူနိုက်တက်ရဲ့ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်တာကို မြင်တွေ့ချင်နေကြတယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

"ကျွန်တော့်အမြင်အရတော့ အကြီးမားဆုံး ပြောင်းလဲမှုက အခုဆိုရင် အသင်းရဲ့ စွမ်းဆောင်ရည်က ပိုပြီးတော့ ထိရောက်မှုရှိလာတာပါပဲ။ အဝတ်လဲခန်းထဲမှာလည်း ကျွန်တော်တို့အားလုံး တကယ်ကို စည်းစည်းလုံးလုံး ရှိနေကြပါတယ်။ တစ်ယောက်ယောက် အမှားလုပ်မိရင်တောင် အဲ့ဒါက ပြဿနာမဟုတ်တော့ဘူး၊ မင်းရဲ့အမှားဟာ ငါ့အမှားပဲဆိုတဲ့ စိတ်နဲ့ တစ်ယောက်ကိုတစ်ယောက် ဖေးမကြပါတယ်။ အမှားလုပ်မိတာကို စိတ်ထဲမထားဘဲ ပြန်ကြိုးစားကြတယ်၊ အသင်းလိုက် အောင်ပွဲရဖို့အတွက်ပဲ ရှေ့ဆက်တိုးနေကြတာပါ" လို့ ၎င်းက ရှင်းပြခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ နည်းပြသစ်ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ အာမက်ဒီယာလိုက "လူတိုင်းက သူ့ကို နည်းပြအဖြစ် ရရှိထားလို့ ပျော်နေကြပါတယ်။ အားလုံးက သူ့ဘက်မှာ ရှိနေသလို နောက်ရာသီမှာလည်း သူ့ကိုပဲ နည်းပြအဖြစ် ဆက်ရှိနေစေချင်ပါတယ်" လို့ သူ့ရဲ့ သဘောထားကို အတိအလင်း ပြောကြားသွားခဲ့ပါတယ်။