
လေဗာကူဆင်နဲ့လက်တွဲဖို့ သဘောတူညီမှုရခဲ့တဲ့ တန်ဟက်
မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း အဲရစ်တန်ဟက်ဟာ ကမ္ဘာ့ဘောလုံးလောကထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့ပြီဖြစ်ပြီး ယခုအခါမှာ ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် လေဗာကူဆင်နဲ့လက်တွဲဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့သိရပါတယ်။ မန်ချက်စတာယူနိုက်တက်မှ ထွက်ခွာခဲ့ပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေခဲ့တဲ့ တန်ဟက်ဟာ ယခုအခါမှာသာ နည်းပြလောကထဲသို့ ပြန်လည်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ The Athletic သတင်းဌာနရဲ့အဆိုအရ နယ်သာလန်သားဟာ လေဗာကူဆင်နဲ့ အခြေခံသဘောတူညီချက်တွေရရှိခဲ့ပြီဖြစ်ပြီး မကြာမီမှာပဲ အပြီးသတ်စာချုပ်ချုပ်ဆိုနိုင်မယ်လို့ သိရပါတယ်။
လက်ရှိလေဗာကူဆင်နည်းပြ ဇာဘီအလွန်ဆိုကတော့ ရီးရဲလ်မက်ဒရစ်မှထွက်ခွာသွားခဲ့တဲ့ အန်ဆယ်လော့တီနေရာမှာ ဆက်ခံဖို့အတွက် စပိန်လာလီဂါသို့ ပြောင်းရွှေသွားမှာဖြစ်ပြီး အလွန်ဆိုထွက်ခွာတာနဲ့တပြိုင်နက် တန်ဟက်က လေဗာကူဆင်ကို စတင်တာဝန်ယူသွားမှာဖြစ်ပါတယ်။ ယူနိုက်တက်မှာ ရုန်းကန်ခဲ့တဲ့ တန်ဟက်အနေနဲ့ သူ့ရဲ့အစွမ်းအစကို လေဗာကူဆင်မှာ ပြန်လည်ပြသနိုင်ဖို့ ရည်ရွယ်ထားပြီး နယ်သာလန်သားဟာ ၂၀၁၃ မှ ၂၀၁၅ ခုနှစ်အတွင်း ဘိုင်ယန်မြူးနစ်(၂) အသင်းကို ကိုင်တွယ်ခဲ့ဖူးတာကြောင့် ဂျာမန်မြေနဲ့ စိမ်းတဲ့သူတစ်ယောက်တော့မဟုတ်ပါဘူး။ လေဗာကူဆင်အနေနဲ့ ယခင်က ကိုမိုနည်းပြ ဖာဘရီဂတ်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့သေးပေမယ့် ဖာဘရီဂတ်စ်က အီတလီမှာပဲ ဆက်လက်နေထိုင်ဖို့ ဆုံးဖြတ်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ဘောလုံးရာသီမှာ လေဗာကူဆင်ဟာ အလွန်ဆိုရဲ့ဦးဆောင်မှုနဲ့အတူ ဘွန်ဒက်စ်လီဂါဖလားကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ထိပ်ဆုံးက ဘိုင်ယန်မြူးနစ်နဲ့ ရမှတ် ၁၃ မှတ်အထိ ကွာဟခဲ့ပါတယ်။ လေဗာကူဆင်အနေနဲ့ တန်ဟက်ကို နည်းပြသစ်အဖြစ်ခန့်အပ်ကြောင်း မကြာမီမှာပဲ ကြေညာလာဖွယ်ရှိနေပြီး နယ်သာလန်သားနဲ့အတူ ၂၀၂၅-၂၆ ရာသီမှာ အောင်မြင်မှုတွေ ပြန်လည်ရရှိအောင်စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။