စခိုးလ်ရဲ့ ဝေဖန်ပြောဆိုမှုတွေအပေါ် ကာရစ် တုံ့ပြန်
မန်ချက်စတာယူနိုက်တက် နည်းပြ မိုက်ကယ်ကာရစ်ကတော့ သူ့ရဲ့ အသင်းဖော်ဟောင်းတွေဆီက ဝေဖန်မှုတွေအပေါ် စိတ်အနှောင့်အယှက် မဖြစ်ဘူးလို့ ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့အပတ်က နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ပေါလ်စခိုးလ်က ကာရစ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါသေးတယ်။ ဒါပေမဲ့ သူတင်ပြီးမှ ချက်ချင်းပြန်ဖျက်လိုက်တဲ့ ဆိုရှယ်မီဒီယာပို့စ်ဟာ ယူနိုက်တက်နည်းပြကို လှောင်ပြောင်တာ မဟုတ်ဘူးလို့ နောက်ပိုင်းမှာ ပြန်လည်ပြောဆိုခဲ့ပါတယ်။
သောကြာနေ့မှာတော့ ကာရစ်က "ဒီကိစ္စနဲ့ ပတ်သက်ပြီး တကယ်တော့ ပြောစရာ ဘာမှမရှိပါဘူး။ ကျွန်တော့်အထင်တော့ ဒါဟာ အခုခေတ် ဆိုရှယ်မီဒီယာတွေရဲ့ သဘောသဘာဝပါပဲ။ စာသားတွေ၊ ကိုးကားချက်တွေကို ပုံစံအမျိုးမျိုးနဲ့ အဓိပ္ပာယ်ကောက်လို့ ရတာကိုး။ ကျွန်တော်ကတော့ ဒါကို အေးအေးဆေးဆေးပါပဲ၊ တကယ့်အဓိပ္ပာယ်က ဘာလဲဆိုတာကိုလည်း နားလည်ပါတယ်။ အပြင်မှာတော့ အမြင်အမျိုးမျိုး ရှိကြမှာပဲလေ၊ လူတွေမှာ မတူညီတဲ့ အမြင်တွေ ရှိနိုင်တာဟာ ပြဿနာ မဟုတ်ပါဘူး။ တစ်ခါတလေမှာ ကိစ္စတွေက တစ်ဖက်စွန်းစီ ရောက်ကုန်တာမျိုးတွေ ရှိတတ်ပေမဲ့ ဒါဟာ သဘာဝပါပဲ၊ ကျွန်တော်ကတော့ ဒါကို စိုးရိမ်မနေပါဘူး။ ဒါကြောင့် ဒါကို အရေးတကြီး ကိစ္စတစ်ခုလိုမျိုးလည်း ကျွန်တော် သဘောမထားပါဘူး" လို့ ပြောကြားခဲ့ပါတယ်။