အနိုင်ဂိုးသွင်းယူပြီးနောက် ဝေဖန်သူတွေကို ခွန်းတုံ့ပြန်လိုက်တဲ့ ဂေါ်ဒွန်
စနေညပိုင်း၊ ချဲလ်ဆီးနဲ့ပွဲစဉ်မှာ နယူးကာဆယ်အတွက် အနိုင်ဂိုးသွင်းယူခဲ့ပြီးနောက် ဂေါ်ဒွန်က သူ့အပေါ်ဝေဖန်ခဲ့သူတွေကို ပြန်လည်တုံ့ပြန်လိုက်ပါတယ်။
စတန်းဖို့ဒ်ဘရစ်ချ်ကွင်းပွဲစဉ်အတွင်း ဂေါ်ဒွန်က ပွဲချိန်ပထမပိုင်းမှာတင် အနိုင်ဂိုးသွင်းယူပေးခဲ့ပြီး ဧည့်သည်နယူးကာဆယ်အတွက် အဖိုးတန်နိုင်ပွဲ ဖန်တီးပေးခဲ့ပါတယ်။။
ပြီးခဲ့တဲ့သီတင်းပတ်၊ ဘာစီလိုနာနဲ့ပွဲစဉ်အတွက် ဖျားနာခြင်းအကြောင်းပြချက်ဖြင့် ပွဲထွက်လူစာရင်းမှာမပါဝင်နိုင်မှုအပေါ် အလန်ရှီးယားနဲ့ ဝိန်းရွန်းနီတို့က ဂေါ်ဒွန်ကို တိုက်ရိုက်ဝေဖန်ခဲ့ကြပါတယ်။ ပွဲနေ့မနက်ခင်းအထိ ဂေါ်ဒွန်က ပုံမှန်အတိုင်း လေ့ကျင့်ခန်းဆင်းခဲ့လို့ အခုလိုဝေဖန်မှု ထွက်ပေါ်လာခဲ့တာပါ။ လက်ရှိမှာတော့ ဂေါ်ဒွန်က အဲ့ဒီဝေဖန်မှုတွေကို တုံ့ပြန်ခဲ့ပါတယ်။
ချဲလ်ဆီးနဲ့ပွဲစဉ်အပြီး ဂေါ်ဒွန်က "ပုံမှန်ဆိုရင်တော့ ကျွန်တော်က ဒီလိုကိစ္စတွေကို သိပ်ပြီးဂရုမစိုက်တတ်လို့ လိုက်ရှင်းပြလေ့မရှိပါဘူး။
ဒါပေမဲ့ အခုကိစ္စကတော့ အဓိပ္ပာယ်မရှိတဲ့ လျှောက်ပြောနေတာတွေဖြစ်လို့ ရှင်းဖို့ လိုအပ်လာတာပါ။
ကျွန်တော် ကွင်းဆီရောက်ရှိချိန်မှာ နည်းပြက ကျွန်တော့်ကို ပွဲမကစားရဘူးလို့ ပြောခဲ့ပါတယ်။ အဲ့ဒီအတွက် ကျွန်တော် သိပ်တော့မပျော်ခဲ့ပေမဲ့ ဒါက နည်းပြရဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး အသင်းလည်း ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။
ကျွန်တော့်ရဲ့ကစားသမားဘဝအတွက် အကြီးမားဆုံးပွဲစဉ်ကို မကစားချင်ဘူးလို့ ပြောနေကြတယ်ဆိုတာ တကယ့်ကို အဓိပ္ပာယ်မရှိတဲ့ စကားတွေပါ။
ရွန်းနီပြောတာကတော့ ကျွန်တော် သူတို့ဘေးမှဖြတ်သွားပြီး လက်ဆွဲမနှုတ်ဆက်ဘဲ အဝတ်လဲခန်းဆီ တန်းဝင်သွားတယ်ဆိုတာပါပဲ။ ကျွန်တော် အဲ့ဒီလိုမလုပ်ခဲ့ပါဘူး။
ကျွန်တော်က အဝတ်လဲခန်းအသေးလေးထဲမှာ တစ်ဦးတည်း အဝတ်လဲနေခဲ့တာပါ။ အခန်းထဲမှာ ကျွန်တော်ရယ်၊ လက်ဆေးကန်ရယ်ပဲ ရှိပါတယ်။ ဒါတွေက တကယ့်ကို အဓိပ္ပာယ်မရှိတဲ့အရာတွေသာဖြစ်ပြီး သူတို့လုပ်နေတဲ့အလုပ်(ဝေဖန်သုံးသပ်သူတာဝန်)ကို အခုထက်ပိုပြီး ကောင်းကောင်းလုပ်သင့်တယ်လို့ ထင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။