The network connection is lost.

Banner Image

အီရာအိုလာကိုခေါ်ယူဖို့ ပရီမီယာလိဂ်ကလပ်အသင်းသုံးခု စောင့်ကြည့်နေ

ဘုန်းမောက်အသင်းနည်းပြအီရာအိုလာက လက်ရှိကလပ်အသင်းမှာ ဆက်ရှိနေမလားဆိုတဲ့ ၎င်းရဲ့အနာဂတ်အတွက် ဆုံးဖြတ်ချက်ချဖို့ နီးစပ်နေပြီလို့ ပြောကြားလိုက်ပါတယ်။

စပိန်လူမျိုးနည်းပြရဲ့စာချုပ်က လာမယ့်ဇွန်လမှာ သက်တမ်းကုန်ဆုံးဖို့ရှိနေပြီး သူ့ကို နည်းပြအဖြစ်ခန့်အပ်ဖို့ မန်ချက်စတာယူနိုက်တက်၊ တော့တင်ဟမ်နဲ့ ခရစ္စတယ်ပဲလေ့စ်တို့လို အသင်းတွေက စိတ်ဝင်စားနေကြပါတယ်။

"ဆုံးဖြတ်ချက်ချဖို့ နီးစပ်နေပြီဆိုတာတော့ သေချာပါတယ်။ သိပ်မကြာခင်မှာပဲ ကျွန်တော်တို့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်သွားပါမယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ထူးခြားတဲ့သတင်း ဘာမှမရှိသေးပါဘူး။ ပြောစရာရှိလာတဲ့အခါကျရင် ကျွန်တော်တို့ ပြောပြသွားပါမယ်" လို့ သောကြာနေ့သတင်းစာရှင်းလင်းပွဲမှာ အီရာအိုလာက ပြောကြားခဲ့ပါတယ်။

အသေးစိတ်ထပ်မံမေးမြန်းမှုကိုတော့ အီရာအိုလာက "ကျွန်တော် ရှင်းရှင်းလင်းလင်းပြောနိုင်တာတစ်ခုကတော့ ကလပ်အသင်းနဲ့ ကျွန်တော့်အကြားမှာ ပွင့်ပွင့်လင်းလင်းရှိနေတယ်ဆိုတာပါပဲ။ ကျွန်တော်တို့ အများကြီး ဆွေးနွေးဖြစ်သလို တကယ်ကို ရိုးရိုးသားသားပဲ စကားပြောကြပါတယ်။ ကျွန်တော်တို့အကြားမှာ ပွင့်လင်းတဲ့ဆွေးနွေးမှုတွေရှိနေပေမဲ့ အတွင်းထဲမှာ ပြောနေတာတွေကို အပြင်ကို ထုတ်ပြောဖို့တော့ မဖြစ်နိုင်ပါဘူး။ ဒီလိုမျိုးပဲ လုပ်ဆောင်သင့်တယ်လို့လည်း ကျွန်တော် ထင်ပါတယ်" လို့ ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။

"နည်းပညာဒါရိုက်တာ ဆိုင်မွန်ဖရန်စစ်၊ ဘောလုံးရေးရာတာဝန်ခံ တီယာဂိုပင်တိုတို့နဲ့ ကျွန်တော့်အကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးရှိပါတယ်။ ကျွန်တော်တို့အကြားမှာ အားလုံးအဆင်ပြေပါတယ်။ ကျွန်တော်တို့ ဆွေးနွေးနေတာတွေ ရှိပေမဲ့ ဒါတွေက အသင်းတွင်းကိစ္စတွေသာ ဖြစ်ပါတယ်" လို့လည်း ၎င်းက ဆိုပါတယ်။