ဘုန်းမောက်ကို ပွတ်ကာသီကာအနိုင်ရရှိပြီးနောက် တည်ဆောက်ဆဲအသင်းအဆင့်သာ ရှိပါသေးတယ်လို့ မာရက်စ်ကာ ဝန်ခံပြောဆို
သြဂုတ် ၂၃ ရက်၊ ဘုန်းမောက်ကို ၂-၁ ဂိုးဖြင့် ပွတ်ကာသီကာအနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီး မန်စီးတီးနည်းပြသစ်အန်ဇိုမာရက်စ်ကာက သူ့ရဲ့အသင်းကို တည်ဆောက်ဆဲကာလပဲ ရှိပါသေးတယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
အခုပွဲစဉ်မှာ မန်စီးတီးက ဂူဟီ၊ ဂျီဗာဒီအောတို့ရဲ့ ပွဲချိန်နှောင်းပိုင်းသွင်းဂိုးတွေနဲ့အတူ ပက်ဂွါဒီယိုလာခေတ်လွန်ကာလကို အနိုင်ရလဒ်ဖြင့် စတင်ခဲ့ပါတယ်။
ဧည့်သည်ဘုန်းမောက်က ပွဲချိန် ၈၄ မိနစ်အထိ မန်စီးတီးကို ဦးဆောင်ထားနိုင်ခဲ့ပြီး ဒါက မာရက်စ်ကာအလိုရှိမယ့် အဆင်ပြေပြေအနိုင်ရရှိလာတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မျိုး မဖြစ်လာခဲ့ပါဘူး။
အနိုင်သုံးမှတ်အပြည့်ရရှိခဲ့ပေမဲ့လည်း ချဲလ်ဆီးနည်းပြဟောင်းကတော့ သူ့ရဲ့အသင်းကို တည်ဆောက်ဆဲအဆင့်ပဲ ရှိပါသေးတယ်လို့ ဝန်ခံခဲ့ပါတယ်။
မာရက်စ်ကာက "အမှန်အတိုင်းပြောရရင် ကွန်မြူနတီဒိုင်းပွဲစဉ်မှာ အာဆင်နယ်နဲ့ ကစားခဲ့ရတဲ့ အခြေအနေအတိုင်းပဲ ခံစားရပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
"လူတွေက ရလဒ်တွေအပေါ် မူတည်ပြီး ဆုံးဖြတ်ကြတယ်ဆိုတာ သဘာဝကျပေမဲ့ ကျွန်တော့်အတွက်တော့ လွန်ခဲ့တဲ့သီတင်းပတ်ပွဲစဉ်နဲ့ အခုပွဲစဉ်အကြား ကြီးမားတဲ့ကွာခြားချက်မျိုး မတွေ့မိပါဘူး။
ဒါ တည်ဆောက်ဆဲ အခြေအနေပဲ ရှိပါသေးတယ်။ အဲဒါကြောင့်လည်း ကျွန်တော်က ဂူဟီကို ကွင်းလယ်လူအဖြစ် အသုံးပြုတဲ့ပုံစံလိုမျိုး ကွဲပြားခြားနားတဲ့ ဖြေရှင်းနည်းအသစ်တွေ ရှာဖွေနေပါတယ်။ လက်ရှိမှာ ကျွန်တော်တို့အတွက် ဖြေရှင်းနည်းတွေ လိုအပ်နေသလို အသင်းကိုလည်း ပြင်ဆင်ဖို့ လိုအပ်ပါတယ်" လို့ ဆိုပါတယ်။
ဆက်လက်ပြီး မာရက်စ်ကာက ပြိုင်ဘက်အသင်းနဲ့နှိုင်းယှဉ်ရင် သူ့ရဲ့အသင်းမှာ ပြင်ဆင်ချိန်နည်းပါးခဲ့မှုကိုလည်း ထောက်ပြခဲ့ပါတယ်။
"စိတ်မကောင်းစရာကတော့ ကျွန်တော်တို့ရဲ့ပွဲထွက်လူစာရင်းမှာ ဟာလန်း၊ ဂူဟီ၊ အန်ဒါဆန်နဲ့ အိုရွိုင်းလီတို့လို ရာသီကြိုပြင်ဆင်မှုအဆင့်မှာပဲ ရှိနေသေးတဲ့ ကစားသမား လေး၊ ငါးဦးလောက် ပါဝင်နေတဲ့အချက် ဖြစ်ပါတယ်" လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။
"သူတို့က လွန်ခဲ့တဲ့ ၁၀ ရက်လောက်မှ အသင်းဆီ ပြန်ရောက်ရှိလာခဲ့တာပါ။ ဘုန်းမောက်ကစာသမားအားလုံးကတော့ ရာသီကြိုကာလစတင်ချိန်ကတည်းက ပြင်ဆင်ချိန်ရရှိခဲ့လို့ ကြံ့ခိုင်မှုအပိုင်းမှာ ကွာဟချက် ကြီးမားခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ အခုထက်ပိုပြီး ကောင်းမွန်လာပါဦးမယ်" လို့ ဆိုပါတယ်။