အယ်လ်ဗာရက်ဇ်ကို ရောင်းထုတ်ဖို့ အစီအစဉ်မရှိဘူးလို့ အတည်ပြုလိုက်တဲ့ အက်သလက်တီကိုမက်ဒရစ်အကြီးအကဲ
အက်သလက်တီကိုမက်ဒရစ်အသင်းအကြီးအကဲမာတီယူအယ်လီမန်နီက တိုက်စစ်မှူးအယ်လ်ဗာရက်ဇ်ကို ရောင်းချဖို့ အစီအစဉ်မရှိဘူးလို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။
အာဂျင်တီးနားတိုက်စစ်မှူးက ဘာစီလိုနာရဲ့ပစ်မှတ်ဖြစ်နေသလို အာဆင်နယ်နဲ့ ချဲလ်ဆီးတို့နဲ့လည်း သတင်းတွေထွက်ပေါ်နေသူ ဖြစ်ပါတယ်။
ဒါပေမဲ့ အယ်လီမန်နီက " ဂရစ်ဇ်မန်းလိုပါပဲ၊ အယ်လ်ဗာရက်ဇ်က ကျွန်တော်တို့နဲ့ စာချုပ်ရှိနေပြီး အသင်းမှာပဲ ဆက်ရှိနေပါလိမ့်မယ်။ သူကိုယ်တိုင်လည်း အက်သလက်တီကိုမှာ အရမ်းပျော်ပါတယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားပြီးသားဖြစ်ပေမဲ့ သူပြောသမျှ စကားတိုင်းကို လူတွေက ပုံစံတစ်မျိုးစီ အဓိပ္ပာယ်ကောက်ယူနေကြပါတယ်" လို့ စနေနေ့မှာ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ၎င်းက "သူ့မှာ စာချုပ်သက်တမ်း ၄ နှစ် ကျန်ပါသေးတယ်၊ ကျွန်တော်တို့ကတော့ သူ့ကို အသင်းမှာ ဒီထက်ပိုပြီး နှစ်ရှည်လများ ရှိနေစေချင်သလို စာချုပ်သက်တမ်းတိုးဖို့တောင် မျှော်လင့်ထားပါတယ်။ အယ်လ်ဗာရက်ဇ်နဲ့ ပတ်သက်ပြီး တခြားထူးခြားတဲ့သတင်း ဘာမှမရှိပါဘူး။ ဒါ မရှိတဲ့ပြဿနာကို လိုက်ရှာနေကြတာပါ။ မနေ့က နည်းပြပြောသွားတဲ့စကားကိုလည်း ကျွန်တော် သဘောတူပါတယ်။ တကယ့်သတင်းအမှန်ကတော့ သူက အသင်းအတွက် ထူးချွန်ပြောင်မြောက်တဲ့ခြေစွမ်းတွေ ပြသနေတာပဲ ဖြစ်ပါတယ်" လို့ ဆိုပါတယ်။