ပီအက်စ်ဂျီနဲ့ပွဲစဉ်အပြီး ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူဖို့ဆိုတာ ဘာစီလိုနာအတွက် အကြီးမားဆုံး လှုံ့ဆော်မှုလို့ ပက်ဒရီပြောကြား
ပီအက်စ်ဂျီကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီး ဘာစီလိုနာကွင်းလယ်ကစားသမားပက်ဒရီက အယ်လ်ကလက်စီကိုပွဲစဉ်ဆီ အာရုံစိုက်လာပါတယ်။
အင်္ဂါညပိုင်း၊ သည်းထိတ်ရင်ဖိုပွဲစဉ်မှာ ပီအက်စ်ဂျီက ဘာစီလိုနာကို အနိုင်ယူခဲ့လို့ ၁၁ ပွဲဆက်ရှုံးပွဲမရှိစံချိန်တင်ထားတဲ့ ဟန်စီဖလစ်ခ်ရဲ့အသင်းအတတွက် အခုဘောလုံးရာသီ၊ ပထမဆုံးရှုံးပွဲ ပေါ်ပေါက်လာပါတယ်။
ဒါပေမဲ့ ဘာစီလိုနာက ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်နှစ်ပွဲဆက် အနိုင်ရရှိကာ ခြောက်မှတ် ရရှိထားသလို လာလီဂါအမှတ်ပေးဇယားမှာလည်း ဒုတိယနေရာရှိ အက်သလက်တီကိုမက်ဒရစ်ထက် ငါးမှတ်၊ တတိယနေရာရှိ ရီးရဲလ်မက်ဒရစ်ထက် ခြောက်မှတ် အသာစီးရရှိထားပါတယ်။
အခုသီတင်းပတ်ကုန်၊ အယ်လ်ကလက်စီကိုပွဲစဉ်ကတော့ ဘာစီလိုနာအတွက် ခါးသီးပြိုင်ဘက်ကြီးကို ကိုးမှတ်ဖြတ်ဦးဆောင်နိုင်မယ့် အခွင့်အရေးဖြစ်သလို သူတို့ရဲ့အားအင်ကြီးမားမှုကို ပြသနိုင်မယ့် အခိုက်အတန့်လည်း ဖြစ်ပါတယ်။
ပက်ဒရီက "အယ်လ်ကလက်စီကိုမှာ နိုင်ပွဲဆီ ပြန်လည်ရောက်ရှိနိုင်ဖို့ဆိုတာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်သလို အကြီးမားဆုံး စိတ်ဓာတ်လှုံ့ဆော်မှုလည်း ဖြစ်ပါတယ်"
"ပီအက်စ်ဂျီကို ကျွန်တော်တို့ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ကြတယ်။ ကြီးကျယ်တဲ့ ပြိုင်ဘက်ကို ခမ်းနားတဲ့ စင်မြင့်ထက်မှာ ရင်ဆိုင်ခဲ့ပြီး ဘယ်လိုသွားရမလဲဆိုတဲ့ လမ်းကြောင်းကို ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့ဆီမှာ ယုံကြည်မှု ရှိတယ်၊ ကျွန်တော်တို့ဆီမှာ ဘောလုံးပညာ ရှိပါတယ်။ ရှေ့ဆက်ကြတာပေါ့!" လို့ ဆိုပါတယ်။
ဘာစီလိုနာက ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလနောက်ပိုင်း အိမ်ကွင်းလိဂ် ၂၃ ပွဲဆက် အနိုင်ရရှိမှု စံချိန်ကောင်းကို ပိုင်ဆိုင်ထားပါတယ်။ လတ်တလောထိပ်တိုက်တွေ့ဆုံမှုမှတ်တမ်းမှာလည်း ဘာစီလိုနာက အသာစီးရယူထားနိုင်ပြီး နောက်ဆုံးအယ်လ်ကလက်စီကိုငါးပွဲအနက် လေးပွဲအထိ အနိုင်ရရှိထားပါတယ်။