အယ်လ်ကလက်စီကိုမတိုင်ခင် ရီးရဲလ်မက်ဒရစ်ကို ဘာစီလိုနာနဲ့နှိုင်းယှဉ်နေမှုအပေါ် တရားမျှတမှုမရှိဘူးလို့ မော်ရင်ဟိုပြောဆို
ရီးရဲလ်မက်ဒရစ်နဲ့ လာလီဂါအမှတ်ပေးဇယားဦးဆောင်သူ ဘာစီလိုနာတို့အကြား နှိုင်းယှဉ်ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ မော်ရင်ဟိုက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
စပိန်ထိပ်တန်းလိဂ်ရဲ့လတ်တလောအယ်လ်ကလက်စီကိုပွဲစဉ်အဖြစ် ဒီညမှာ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားသွားကြပါလိမ့်မယ်။
မော်ရင်ဟိုရဲ့လက်အောက်မှာ စပိန်ထိပ်တန်းကလပ်အသင်းက စတင်ခြေစွမ်းပြသလာပြီး အခုသီတင်းပတ်အတွင်း လိုက်ပ်ဇစ်ကို လေးဂိုးသွင်းယူကာ လေးပွဲဆက်အနိုင်ရလဒ်နဲ့ သုံးပွဲဆက် လေးဂိုးသွင်းယူနိုင်မှုစံချိန်ကောင်းကို ပိုင်ဆိုင်ထားပါတယ်။
အခုလို ရီးရဲလ်မက်ဒရစ်ရဲ့ခြေစွမ်းကောင်းတွေ ထွက်ပေါ်လာနေပေမဲ့လည်း ကတ္တလန်ကလပ်အသင်းက ခါးသီးပြိုင်ဘက်နဲ့ရင်ဆိုင်ရတဲ့ ပြိုင်ပွဲစုံနောက်ဆုံးခုနစ်ပွဲမှာ ခြောက်ပွဲအထိ အနိုင်ရရှိထားသလို ရာသီအစအထင်ကြီးလောက်စရာခြေစွမ်းပိုင်းကြောင့် အမှတ်ပေးဇယားထိပ်မှာ မော်ရင်ဟိုရဲ့အသင်းကို ကိုးမှတ်ဖြတ်ဦးဆောင်နိုင်မယ့် အခွင့်အရေးလည်း ရှိနေပါတယ်။
သတင်းမီဒီယာတွေရဲ့ခေါင်းကြီးပိုင်းမှာ သေချာပေါက်ဖော်ပြခံရမယ့် ပွဲစဉ်မတိုင်ခင် မော်ရင်ဟိုက မက်ဒရစ်နဲ့အတူ သူ့ရဲ့ခရီးစဉ်စတင်ရုံသာ ရှိသေးလို့ ကလပ်အသင်းနှစ်ခုအကြား နှိုင်းယှဉ်ဖော်ပြနေမှုတွေကို မှားယွင်းတယ်လို့ ဖွင့်ဟလိုက်ပါတယ်။
မော်ရင်ဟိုက "လွန်ခဲ့တဲ့သီတင်းပတ်တုန်းက ကျွန်တော်တို့ကို ဘာစီလိုနာ ဂိုးပြတ်အနိုင်ယူလိမ့်မယ်လို့ ယူဆခဲ့ကြသူတွေ အခုလည်းပဲ အဲ့ဒီလို ဆက်တွေးနေကြလိမ့်မယ်လို့ ထင်ပါတယ်။ ပီအက်စ်ဂျီနဲ့ပွဲစဉ် သို့မဟုတ် လိုက်ပ်ဇစ်ကို ရီးရဲလ်မက်ဒရစ် အနိုင်ယူခဲ့တဲ့ အကြောင်းအရင်းတစ်ခုတည်းနဲ့တော့ သူတို့ရဲ့အမြင်တွေ ပြောင်းလဲသွားကြလိမ့်မယ်လို့ မထင်ပါဘူး"
"လူတွေက ကျွန်တော်တို့ကို အရာအားလုံး အပြီးသတ်တည်ဆောက်ပြီးသား အသင်းတစ်ခုလိုမျိုး ရှုမြင်နေကြပေမဲ့ ဘောလုံးလောကမှာ ပြီးပြည့်စုံမှုဆိုတာ မရှိလို့ ဒါက ခက်ခဲပါတယ်။ ဒါပေမဲ့ သူတို့ကတော့ ကျွန်တော်တို့ကို လုပ်ငန်းစဉ်ရဲ့ အဆင့်မြင့်အခြေအနေတစ်ခုဆီ ရောက်နေပြီလို့ ထင်နေကြပါတယ်"
"ကျွန်တော်တို့ အလုပ်လုပ်ခဲ့တာ ၃ လပဲ ရှိပါသေးတယ်။ အဲဒီထဲကမှ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ရာသီကြိုကာလနဲ့ လတ်တလော နိုင်ငံတကာသီတင်းပတ်တွေကို ဖယ်လိုက်ရင် ကျွန်တော်တို့ အတူတကွရှိနေခဲ့တာ တစ်လခွဲ၊ နှစ်လလောက်ပဲ ရှိပါသေးတယ်။ ဒါက တည်ဆောက်ဆဲ အစပျိုးအဆင့်သာ ဖြစ်ပြီး နည်းပြက လေ့လာနေဆဲ၊ သုံးသပ်နေဆဲ၊ လမ်းကြောင်းတွေကို တစ်ဆင့်ပြီးတစ်ဆင့် ပုံဖော်နေဆဲ ဖြစ်သလို ကစားသမားတွေကလည်း နည်းပြအကြောင်းကို လေ့လာနေဆဲ ကနဦး အဆင့်မှာပဲ ရှိပါသေးတယ်။ ဒီလို အခြေအနေမှာရှိတဲ့ အသင်းတစ်သင်းကို ပိုမိုတည်ငြိမ်ခိုင်မာပြီးသား အသင်းတွေနဲ့ နှိုင်းယှဉ်တယ်ဆိုတာ မတရားဘူးလို့ ကျွန်တော် ထင်ပါတယ်" လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်နှစ်အတွင်း ဆုဖလားလက်မဲ့ဖြစ်ခဲ့တဲ့ အသင်းကို မော်ရင်ဟို ပြန်လည်တည်ဆောက်ဖို့ ကြိုးပမ်းနေချိန် လာမယ့်နိုင်ငံတကာသီတင်းပတ်မတိုင်ခင် ရီးရဲလ်မက်ဒရစ်က လာလီဂါမှာ ဘာစီလိုနာ၊ ရေးဆင်းဆန်တန်ဒါ၊ ဗလန်စီယာတို့အပြင် AEK အေသင်နဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားသွားရပါမယ်။