အိမ်ကွင်းမှာ ရီးရဲလ်ကို ၃ ဂိုးပြန်သွင်းမယ်လို့ အခိုင်အမာပြောကြားလိုက်တဲ့ ဒိုကူ
မနေ့ညက ရီးရဲလ်မက်ဒရစ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာဟာ အခုထက်တောင် ပိုဆိုးသွားနိုင်တယ်လို့ မန်စီးတီးတောင်ပံကစားသမား ဂျေရမီဒိုကူက ဝန်ခံပြောကြားလိုက်ပါတယ်။
ဗုဒ္ဓဟူးနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က ၃ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဖယ်ဒီ ဗယ်ဗာဒီက ဟက်ထရစ်သွင်းယူခဲ့တာပါ။
"ရီးရဲလ်မက်ဒရစ်လို အသင်းမျိုးနဲ့ ကစားရတဲ့အခါ ကိုယ့်ဘက်က ဘောလုံးအဆုံးရှုံးခံလိုက်တာနဲ့ သူတို့က တန်ပြန်တိုက်စစ်ဆင်ဖို့ အဆင်သင့်စောင့်နေပြီး ဂိုးသွင်းသွားတတ်ကြတယ်ဆိုတာ သိထားရပါမယ်" လို့ ဒိုကူက ပြောပါတယ်။
၎င်းက ဆက်လက်ပြီး "သူတို့က သုံးဂိုးသွင်းပြီးတဲ့နောက်မှာ ခံစစ်ကို အသေအလဲ ပိတ်ကစားခဲ့တာကြောင့် ဂိုးပြန်ရဖို့ ခက်ခဲသွားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရခဲ့တဲ့ အစောပိုင်းအခွင့်အရေးတွေကိုသာ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ရင် ပွဲအခြေအနေက တစ်မျိုးဖြစ်သွားနိုင်တယ်လို့ ခံစားရပါတယ်။ ဒွန်နာရမ်မာရဲ့ ပင်နယ်တီကာကွယ်မှုက ကျွန်တော်တို့ကို အများကြီး အထောက်အကူဖြစ်စေခဲ့ပြီး ကျွန်တော်တို့ ယုံကြည်မှု ရှိနေဆဲပါ" လို့ ဆိုပါတယ်။
"လာမယ့်ပွဲမှာ ဝက်စ်ဟမ်းနဲ့ ကစားရမှာ ဖြစ်ပေမဲ့ ကျွန်တော်တို့ရဲ့ အရည်အချင်းကို ယုံကြည်ပါတယ်။ အီတီဟတ်မှာ ကစားရမယ့်ပွဲကလည်း အခြေအနေ ပြောင်းလဲသွားမှာပါ။ ကျွန်တော်တို့ ပရိသတ်တွေရဲ့ အားပေးမှုကို လိုအပ်ပါတယ်။ သူတို့တောင် သုံးဂိုးသွင်းနိုင်သေးရင် ကျွန်တော်တို့ကရော ဘာလို့ မသွင်းနိုင်ရမှာလဲ" လို့ ဒိုကူက ပြောကြားသွားခဲ့ပါတယ်။