ကမ္ဘာ့ဖလားပြိုင်ပွဲအမီ နယ်သာလန်နည်းပြအဖွဲ့နဲ့ ပူးပေါင်းသွားမယ့် နစ္စတယ်ရွိုင်း
မန်ချက်စတာယူနိုက်တက်နဲ့ နယ်သာလန်လက်ရွေးစင်ဟောင်း ဗန်နစ္စတယ်ရွိုင်းဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအမီ နယ်သာလန်လက်ရွေးစင်အသင်းရဲ့ နည်းပြအဖွဲ့နဲ့ ပူးပေါင်းအားဖြည့်သွားမယ်လို့သိရပါတယ်။
သတင်းတွေအရ နစ္စတယ်ရွိုင်းဟာ နယ်သာလန်နည်းပြချုပ် ရော်နယ်ကိုးမန်းရဲ့လက်ထောက်အဖြစ် တာဝန်ယူသွားမယ်လို့သိရပါတယ်။ နယ်သာလန်ဟာ သမိုင်းတစ်လျှောက် နာမည်ကျော်ကစားသမားပေါင်းမြောက်မြားစွာမွေးထုတ်ခဲ့ပေမယ့် ကမ္ဘာ့ဖလားကိုတော့ တစ်ကြိမ်တစ်ခါမှ ဆွတ်ခူးနိုင်ခြင်းမရှိသေးပါဘူး။
အသက်-၄၉ နှစ်အရွယ် နစ္စတယ်ရွိုင်းဟာ လက်ရှိနယ်သာလန်အသင်းမှာ အာဝင်ကိုးမန်း၊ ဝင်းဂျော့ခ်တို့နဲ့အတူ လက်တွဲလုပ်ဆောင်သွားမှာဖြစ်ပေမယ့် နယ်သာလန်ဟာ ပြင်သစ်၊ အာဂျင်တီးနား၊ စပိန်နဲ့ အင်္ဂလန်တို့လို ပြိုင်ပွဲမှာ ရေပန်းစားခြင်းမရှိတာကြောင့် ခက်ခက်ခဲခဲပြိုင်ဆိုင်သွားဖွယ်ရှိပါတယ်။
နယ်သာလန်ဟာ ခြေစစ်ပွဲအဆင့်မှာ ရှုံးပွဲမရှိဘဲ ဖြတ်ကျော်လာနိုင်ခဲ့တာကြောင့် ကမ္ဘာ့ဖလားအုပ်စုအဆင့်မှာ ဂျပန်၊ တူနီးရှားတို့နဲ့ ကျရောက်နေတာကြောင့် နောက်တစ်ဆင့်တက်နိုင်ဖို့ အခြေအနေကောင်းနေပါတယ်။
နယ်သာလန်နည်းပြချုပ် ကိုးမန်းကတော့ "ဗန်နစ္စတယ်ရွိုင်းအနေနဲ့ ကစားသမားဘဝရော နည်းပြဘဝမှာပါ ရရှိခဲ့တဲ့ အဖိုးတန် ပြိုင်ပွဲအတွေ့အကြုံတွေကို အသင်းမှာအသုံးချနိုင်ဖို့ မျှော်လင့်နေပါတယ်" လို့ပြောကြားခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာ နယ်သာလန်ဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲအထိတက်လှမ်းလာခဲ့ပေမယ့် စပိန်ကိုရှုံးနိမ့်ခဲ့တာကြောင့် ဒုတိယနဲ့သာကျေနပ်ခဲ့ရတာဖြစ်ပါတယ်။
နယ်သာလန်နဲ့ပူးပေါင်းရမယ့်အပေါ် နစ္စတယ်ရွိုင်းကလည်း "နယ်သာလန်အသင်းရဲ့ ဒီအခန်းကဏ္ဍကို ပြန်လာခွင့်ရတာ၊ ဒီလိုတော်တဲ့ နည်းပြအဖွဲ့၊ ကစားသမားတွေနဲ့အတူ နိုင်ငံကိုယ်စားပြုခွင့်ရတာဟာ ကျွန်တော့်အတွက် ဂုဏ်ယူစရာဖြစ်သလို အံ့ဩဖို့ကောင်းတဲ့ စိန်ခေါ်မှုတစ်ခုလည်း ဖြစ်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။