The network connection is lost.

Banner Image

ယူနိုက်တက်မှာ ကျောနံပါတ် ၁၀ ဝတ်ဆင်ရမယ့်ခံစားချက်ကို ဖွင့်ဟလာတဲ့ ကွန်ညာ

ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း မန်ချက်စတာယူနိုက်တက်ပထမဆုံးခေါ်ယူထားခဲ့တဲ့ ပေါင် ၆၂.၅ သန်းတန် တောင်ပံကစားသမား မားသီးယက်စ်ကွန်ညာဟာ အိုးလ်ထရက်ဖို့ဒ်မှာ ကျောနံပါတ် ၁၀ အင်္ကျီကိုဝတ်ဆင်သွားမှာဖြစ်ပြီး ယခုအခါမှာတော့ သူ့ရဲ့ခံစားချက်ကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ 

ကွန်ညာမတိုင်ခင်က ကျောနံပါတ် ၁၀ ကို ဝတ်ဆင်နေသူမှာ တောင်ပံကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်ဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်ဟာ ယခုနွေရာသီအတွင်း အသင်းနဲ့လမ်းခွဲဖို့ သေချာသလောက်ဖြစ်နေတာကြောင့် ကွန်ညာအနေနဲ့ အဆိုပါကျောနံပါတ်ကို ဆက်ခံခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ရာသီက ဝုဗ်အတွက် ပရီးမီးယားလိဂ် ၁၅ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၆ ကြိမ်ပြုလုပ်နိုင်ခဲ့တဲ့ ကွန်ညာအနေနဲ့ လာမယ့် ၂၀၂၅-၂၆ ရာသီမှာတော့ တူညီတဲ့စွမ်းဆောင်ရည်မျိုး ဆက်လက်ပြသသွားနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ယူနိုက်တက်မှာ ကျောနံပါတ် ၁၀ ဟာ ဂန္ထဝင်နံပါတ်ဖြစ်ပြီး ဝိန်းရွန်းနီ၊ ဇလာတန်အီဘရာဟီမိုဗစ်နဲ့ နစ္စတယ်ရွိုင်းတို့လို ထိပ်တန်းတိုက်စစ်မှူးဟောင်းတွေ ဝတ်ဆင်ခဲ့ပါတယ်။ 

ယခုအခါမှာတော့ ကွန်ညာက "ဒီနံပါတ်ကို ဝတ်ဆင်ရမယ်ဆိုတော့ အရမ်းဝမ်းသာတာပေါ့။ ဒါ ကျွန်တော့်ရဲ့အိပ်မက်တွေထဲက တစ်ခုပါပဲ။ ဒီအင်္ကျီကိုဝတ်ဆင်ခဲ့တဲ့ ယူနိုက်တက်ကစားသမားတွေနဲ့ နာမည်ကို ကျွန်တော် ကောင်းကောင်းသိပါတယ်။ ဒါပေမယ့် ဒီအင်္ကျီနဲ့တွဲပြီး ကျွန်တော့်မျက်လုံးထဲမှာပေါ်လာတဲ့ ကစားသမားကတော့ ဝိန်းရွန်းနီပါ။ ကျွန်တော် သူရဲ့ပွဲတွေကို ကြည့်ရင်း ကြီးပြင်းခဲ့ရပါတယ်"

"ပြီးတော့ ကျွန်တော့်အိမ်မှာလည်း ရက်ရှ်ဖို့ဒ်နဲ့လဲခဲ့တဲ့ ယူနိုက်တက်ကျောနံပါတ် ၁၀ အင်္ကျီရှိပါတယ်။ အခုတော့ ကျွန်တော်ကိုယ်တိုင်ဝတ်ဆင်ရမယ်ဆိုတော့ အထူးအခွင့်အရေးတစ်ခုပါပဲ။  ဒီအင်္ကျီကိုဝတ်ဆင်ပြီး အသင်းအတွက် သွင်းဂိုးတွေနဲ့ ဖန်တီးမှုတွေပြုလုပ်ပေးနိုင်ဖို့ အစွမ်းကုန်ပေးဆပ်ကစားသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဘရာဇီးလက်ရွေးစင်ဟာ ရာသီကြိုကာလမှာပဲ ယူနိုက်တက်နဲ့ပူးပေါင်းသွားမှာဖြစ်ပြီး နည်းပြရူဘင်အာမိုရင်ရဲ့ ကစားကွက်မှာ အံဝင်ခွင်ကျဖြစ်ဖို့ ကြိုးစားသွားရပါမယ်။ လာမယ့် ၂၀၂၅-၂၆ ရာသီမှာတော့ ကွန်ညာအနေနဲ့ ကျောနံပါတ် ၁၀ အင်္ကျီဝတ်ဆင်ပြီး ယူနိုက်တက်အတွက် ဘယ်လောက်အထိအကူအညီပေးသွားနိုင်မလဲ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။