ဘိုင်ယန်မြူးနစ်ရဲ့ ဘာဂါမိုပွဲစဉ်ခြေစွမ်းအပေါ် ကျေနပ်အားရနေတဲ့ ကွန်ပနီ
ချန်ပီယံလိဂ်မှာ အတ္တလန်တာအသင်းကို ၆-၁ ဂိုးနဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း ဘိုင်ယန်မြူးနစ်အသင်းခြေစွမ်းပိုင်းက သူ မျှော်လင့်ထားသလိုအတိအကျ ဖြစ်လာခဲ့တယ်လို့ နည်းပြကွန်ပနီ ချီးကျူးလိုက်ပါတယ်။
ပွဲစဉ်အပြီး ဘိုင်ယန်မြူးနစ်နည်းပြက ရလဒ်တင်မကဘဲ သူ့အသင်းရဲ့ပွဲကစားပုံအကောင်အထည်ဖော်သွားနိုင်မှုကိုလည်း ချီးကျူးခဲ့ပါတယ်။
"ကျွန်တော် ကျေနပ်တာပေါ့။ ဒါဟာ ကျွန်တော်တို့ လိုချင်ခဲ့တဲ့ခြေစွမ်းမျိုးပါ။ တကယ်ဆိုရင် နောက်ထပ် တစ်ဂိုး ဒါမှမဟုတ် နှစ်ဂိုးလောက်တောင် ထပ်ရနိုင်ခဲ့ပါသေးတယ်။ ဒီနေ့မှာ ကျွန်တော်တို့ရဲ့ အစီအစဉ်တွေက တကယ်ကို အလုပ်ဖြစ်ခဲ့ပါတယ်" လို့ ကွန်ပနီက ပြောပါတယ်။
အခုပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်က ပွဲချိန်အစအဆုံး အသာစီးရယူကစားခဲ့ပြီး အီတလီကလပ်ကို တရစပ်တိုက်စစ်ဆင်မှုတွေနဲ့ ဖိအားပေးခဲ့ပါတယ်။ အသင်းရဲ့ အရည်အသွေးနဲ့ ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းကြောင့် အခုလို ခြေစွမ်းပြနိုင်မှုက အံ့ဩစရာမဟုတ်ဘူးလို့ ကွန်ပနီ ယုံကြည်နေပါတယ်။
"ကျွန်တော်တို့အသင်းမှာ အရည်အချင်းရှိတဲ့ ကစားသမားတွေ အများကြီး ရှိပါတယ်။ ကလေးတွေက အခုလိုပွဲမျိုးတွေကို ကစားရတာ ဝါသနာပါကြတယ်။ ကျွန်တော်တို့ရဲ့ လေ့ကျင့်ရေးတွေမှာ ပြင်းပြင်းထန်ထန် လုပ်ဆောင်လေ့ရှိတာကြောင့် အခုလိုပွဲတွေမှာ ကောင်းမွန်တဲ့ ဖြေရှင်းနည်းတွေကို ရှာတွေ့နိုင်တာပါ။ ဒါကြောင့် ဒီခြေစွမ်းအပေါ်မှာ ကျွန်တော် မအံ့ဩပါဘူး" လို့ ၎င်းက ရှင်းပြခဲ့ပါတယ်။