အန်မီချာကို စာချုပ်သစ်ချုပ်ဆိုပြီး ပရီးမီးယားလိဂ်ကလပ်တွေရဲ့စိတ်ဝင်စားမှုကို ရပ်တန့်ခဲ့တဲ့ ဒေါ့မွန်
ပရီးမီးယားလိဂ်ကလပ်အသင်း အများအပြားက စိတ်ဝင်စားနေတာကို အန်တုပြီး ဖိလစ်အန်မီချာဟာ ဒေါ့မွန်အသင်းနဲ့ စာချုပ်သစ် လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် အန်မီချာဟာ အခုရာသီ ဘိုရုရှားဒေါ့မွန်မှာ အကောင်းဆုံးပုံစံ ပြသနေတာဖြစ်ပြီး ဘွန်ဒက်လီဂါ ၂၅ ပွဲမှာ ၂ ဂိုးသွင်း၊ ၃ ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ အန်မီချာဟာ ဒေါ့မွန်နဲ့ ၂၀၃၀ ခုနှစ်အထိ ရှိနေမယ့် စာချုပ်သစ်ကို လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း အသင်းက အတည်ပြုလိုက်ပြီး ဒါဟာ အရင်စာချုပ်ထက် ၂ နှစ် ထပ်တိုးလိုက်တာလည်း ဖြစ်ပါတယ်။
အားကစားဒါရိုက်တာ ဆီဘက်စတီယန် ကေးလ်က "ဒေါ့မွန်ကို စရောက်ခါစမှာ ဒဏ်ရာပြဿနာတွေနဲ့ ကံမကောင်းခဲ့ပေမဲ့ အခုတော့ ဖိလစ်က ကျွန်တော်တို့အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်လာပါပြီ။ ကွင်းလယ်မှာ ပြေးလွှားနိုင်စွမ်းနဲ့ ပြိုင်ဘက်တွေကို ကျော်ဖြတ်နိုင်စွမ်းတွေက ကွင်းလယ်ဗဟိုမှာ ကျွန်တော်တို့အတွက် အရမ်းကို အဖိုးတန်စေသလို ဖိအားတွေကြားထဲမှာတောင် အမြဲတမ်း တီထွင်ဖန်တီးမှုရှိတဲ့ ဖြေရှင်းချက်တွေကို သူရှာဖွေပေးနိုင်ပါတယ်။ သူဟာ ကျွန်တော်တို့ အသင်းအတွက်ရော၊ ဂျာမနီလက်ရွေးစင်အသင်းအတွက်ပါ ကွင်းအတွင်းမှာ အံ့အားသင့်စရာ အရည်အသွေးတွေကို ယူဆောင်လာပေးနိုင်သူပါ။ နောင်အနာဂတ်မှာလည်း သူ့ရဲ့ တိုးတက်မှုတွေက ဆက်လက် မြင့်တက်နေဦးမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
စာချုပ်သစ် မချုပ်ဆိုခင်မှာ အန်မီချာဟာ အသင်းဟောင်း မန်စီးတီးကို ပြန်သွားဖို့ ဒါမှမဟုတ် မန်ယူ၊ ချယ်လ်ဆီးအသင်းတွေဆီ ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။