ယူနိုက်တက်အတွက် ကာရစ်ထက် အန်ဆယ်လော့တီက ပိုကောင်းတဲ့ ရွေးချယ်မှုဖြစ်တယ်လို့ ပေါ်လ်စခိုးလ် အခိုင်အမာဆို
ပေါလ်စခိုးလ်က မန်ချက်စတာယူနိုက်တက်အသင်းကို ကာလိုအန်ဆယ်လော့တီ တာဝန်ယူကိုင်တွယ်တာကို မြင်တွေ့ချင်နေပါတယ်။ ဇွန်လအထိ စာချုပ်သက်တမ်းရှိထားတဲ့ လက်ရှိယူနိုက်တက်နည်းပြ မိုက်ကယ်ကာရစ်ထက် ဘရာဇီးအသင်းနည်းပြ အန်ဆယ်လော့တီ ကို စခိုးလ်က ပိုပြီးသဘောကျနေတာပါ။
The Good, The Bad & The Football ပေါ့တ်ကတ်စ်မှာ စခိုးလ်က "အသင့်တော်ဆုံးလူကို ပြောရမယ်ဆိုရင်တော့ အန်ဆယ်လော့တီက ရှိနေတုန်းပါပဲ။ သူက ဘရာဇီးအသင်းရဲ့ နည်းပြဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ သူက ကစားသမားတွေကို ယုံကြည်မှုအပြည့်ရှိလာအောင် လုပ်ပေးနိုင်တဲ့သူဖြစ်လို့ မန်ယူနိုက်တက်အတွက်တော့ အသင့်တော်ဆုံးပါပဲ" လို့ ပြောကြားခဲ့ပါတယ်။
"ပြီးတော့ သူက ဆုဖလားတွေ ရယူနိုင်တဲ့ အတွေ့အကြုံလည်း ရှိပါတယ်။ ဒါပေမဲ့ မေးစရာရှိတာက သူ အခုအရမ်းကြီး အသက်ကြီးသွားပြီလား ဆိုတာပါပဲ။ ဒါတစ်ခုပါပဲ။ သူ့လိုမျိုး အတွေ့အကြုံရှိတဲ့သူ တခြားရှိသေးလား။ အသင်းက ခေါင်းဆောင်နိုင်စွမ်းရှိတဲ့သူမျိုးကို လိုအပ်နေတာပါ" လို့လည်း ဆိုပါတယ်။
ကာရစ်နဲ့ ပတ်သက်ပြီးတော့လည်း ၎င်းက "မိုက်ကယ်ကာရစ် ပရီးမီးယားလိဂ်ဖလား ရယူနိုင်မလားဆိုတာ ကျွန်တော် မသိသေးပါဘူး။ အဓိကအချက်က အသင်းက ဘယ်လိုနည်းပြမျိုးကို ရှာနေတာလဲဆိုတာပါပဲ။ နည်းစနစ်ပိုင်း ကျွမ်းကျင်တဲ့သူလား ဒါမှမဟုတ် လူတွေကို ကောင်းကောင်း ကိုင်တွယ်စီမံနိုင်တဲ့ နည်းပြမျိုးလား" လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။