
ဆိုင်မွန်စ်ခေါ်ယူနိုင်ရေး ပထမဆုံးအကြိမ်ကမ်းလှမ်းမှုပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ ချဲလ်ဆီး
ချဲလ်ဆီးဟာ ယခုနွေရာသီအတွင်း လိုက်ပ်ဇစ်တိုက်စစ်ကြယ်ပွင့် ဇာဗီဆိုင်မွန်စ်ကိုခေါ်ယူဖို့ စောင့်ကြည့်နေခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ ကစားသမားအတွက် ပထမဆုံးအကြိမ်ကမ်းလှမ်းမှု စတင်ပြုလုပ်ဖို့ပြင်ဆင်နေပြီလို့သိရပါတယ်။ ဂျာမနီအခြေစိုက် Sky Sport သတင်းဌာနရဲ့အဆိုအရ ဆိုင်မွန်စ်ဟာ ချဲလ်ဆီးရဲ့ ထိပ်တန်းပစ်မှတ်တွေထဲမှာ ပါဝင်နေတာကြောင့် လာမယ့်ရက်အနည်းငယ်မှာပဲ တရားဝင်ကမ်းလှမ်းမှု စတင်ပြုလုပ်နိုင်ချေရှိတယ်လို့ဆိုပါတယ်။ ဆိုင်မွန်စ်နဲ့ သူ့ရဲ့ကိုယ်စားလှယ်တွေကတော့ ချဲလ်ဆီးနဲ့ချိတ်ဆက်ဖို့ စိတ်အားထက်သန်နေတာကြောင့် အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ မျှော်လင့်ထားကြပါတယ်။
လိုက်ပ်ဇစ်ဟာ အသင်းရဲ့တန်ဖိုးရှိကစားသမားကို ရောင်းချဖို့ဆုံးဖြတ်ထားပုံပေါ်ပြီး ဆိုင်မွန်စ်ရဲ့တန်ကြေးကို ပေါင်သန်း ၆၀ အထိသတ်မှတ်ထားပါတယ်။ ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာဟာ ဆိုင်မွန်စ်ကို ကာလရှည်ကင်းထောက်နေခဲ့ပြီး ယခုနွေရာသီအတွင်းခေါ်ယူဖို့ ရည်ရွယ်ထားပြီးဖြစ်ပါတယ်။ နယ်သာလန်လက်ရွေးစင်ဘက်ကလည်း စတန်းဖို့ဒ်ဘရစ်ချ်သို့ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာကြောင့် ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီချက်တွေကို ချောချောမွေ့မွေ့နဲ့ပဲ လက်ခံထားပါတယ်။
လိုက်ပ်ဇစ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီကမှ ဆိုင်မွန်စ်ကို မိခင်ကလပ် ပီအက်စ်ဂျီမှ ယူရိုသန်း ၅၀ နဲ့အပြီးသတ်ဝယ်ယူထားခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ အမြတ်များများနဲ့ပြန်လည်ရောင်းချဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဆိုင်မွန်စ်ဟာ လိုက်ပ်ဇစ်အတွက် အရေးပါတဲ့ကစားသမားအဖြစ်ရပ်တည်နိုင်ခဲ့ပြီး ၃၃ ပွဲကစားခဲ့ရာမှာ ၁၁ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၈ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။
ချဲလ်ဆီးဘက်တော့ နယ်သာလန်သားကို အပြောင်းအရွှေ့ဈေးကွက်မပိတ်သိမ်းခင် အမိအရခေါ်ယူနိုင်မယ်လို့ ယုံကြည်ထားတယ်လို့သိရပါတယ်။ မာရက်စ်ကာဟာ ဆိုင်မွန်စ်ရဲ့ စွယ်စုံရ တိုက်စစ်ကစားဟန်ကို သဘောကျနေပြီး အသင်းရဲ့ကစားသမားသစ်တွေဖြစ်တဲ့ ဂျေမီဂစ်တန်စ်၊ ဂျာအိုပက်ဒရိုနဲ့ လီယမ်ဒီလပ်တို့ကို အကူအညီပေးနိုင်မယ့်ကစားသမားအဖြစ် ရှုမြင်ထားပါတယ်။
ချဲလ်ဆီးအနေနဲ့ လာမယ့်ရက်အနည်းငယ်အတွင်းမှာပဲ ဆိုင်မွန်စ်ကို တရားဝင်ကမ်းလှမ်းမှုစတင်ပြုလုပ်လာဖွယ်ရှိနေပြီး လိုက်ပ်ဇစ်အနေနဲ့ ကမ်းလှမ်းမှုကို သဘောတူသွားမလား စောင့်ကြည့်ရပါမယ်။