The network connection is lost.

Banner Image

တော့တင်ဟမ်ကွင်းလယ်လူ ဇာဗီဆိုင်မွန်က ပရီးမီးယားလိဂ်နဲ့ အံဝင်ခွင်ကျမဖြစ်သေးကြောင်း ပြောကြားလာတဲ့ အွန်နရီ

အာဆင်နယ်ဂန္ထဝင်ကစားသမားဟောင်း သီယာရီအွန်နရီက တော့တင်ဟမ်ကွင်းလယ်လူ ဇာဗီဆိုင်မွန်အနေနဲ့ ပရီးမီးယားလိဂ်မှာ အံဝင်ခွင့်ကျဖြစ်နိုင်ပါ့မလားလို့ မေးခွန်းထုတ်လာခဲ့ပါတယ်။ အသက်-၂၂ နှစ်အရွယ် နယ်သာလန်လက်ရွေးစင်ဟာ ပြီးခဲ့တဲ့နွေရာသီက ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် လိုက်ပ်ဇစ်မှ တော့တင်ဟမ်သို့ ပြောင်းရွှေ့ကြေး ပေါင် ၅၂ သန်းနဲ့ရောက်ရှိလာခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲဦးထွက်ရာသီမှာ ပုံစံကောင်းရဖို့အတော်လေးရုန်းကန်နေရပါတယ်။

ဒါကြောင့် အွန်နရီက ဂျာမနီမှာအောင်မြင်မှုရခဲ့တဲ့ကစားသမားတွေဟာ အင်္ဂလိဂ်ဘောလုံးလောကမှာတော့ အလုပ်ဖြစ်လို့ ခဲယဉ်းကြောင်းနဲ့ လေဗာကူဆင်မှာလီဗာပူးသို့ပြောင်းရွှေ့လာခ့တဲ့ ဖာလော်ရီယန်ဝစ်ဇ်ကို ဥပမာပေးကာ ဘွန်ဒက်စ်လီဂါကြယ်ပွင့်တွေအပေါ်မှာ သံသယအနည်းငယ်ရှိကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။

အွန်နရီက "အသင်းတစ်သင်းကို စစရောက်လာချင်း ခြေစွမ်းပြဖို့ဆိုတာ မလွယ်ပါဘူး။ လီဗာပူးက ဝစ်ဇ်ကိုကြည့်ရင် ဒါကိုသိနိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ဂျာမနီမှာ ခြေစွမ်းပြတဲ့ကစားသမားတွေရဲ့စွမ်းဆောင်ရည်အပေါ်မှာ အမြဲတမ်းသံသယရှိပါတယ်။ ဒါက ကျွန်တော့်အမြင်သက်သက်ပါ။ သူတို့ အခြားလိဂ်မှာ မကောင်းနိုင်ဘူးလို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် ဘွန်ဒက်စ်လီဂါအသင်းတွေရဲ့ ကစားပုံက ပရီးမီးယားလိဂ်နဲ့မတူဘဲ ကစားကွက်တွေက အတော်လေးကျဲပါတယ်။ ဒါကြောင့် ပြေးအားကောင်းတဲ့ကစားသမားတွေက အခွင့်အရေးတွေပိုရပြီး ဂိုးသွင်းတာနဲ့ ဖန်တီးမှုတွေပိုပြုလုပ်နိုင်ကြပါတယ်။ ပရီးမီးယားလိဂ်မှာတော့ ကိုယ်ပြေးတဲ့နှုန်းကို ကစားသမားတိုင်းလိုလို လိုက်မီကြပါတယ်"

"ပရီးမီးယားလိဂ်ကို စပြောင်းလာတဲ့ ဘွန်ဒက်စ်လီဂါကစားသမားတွေက ဒါကြောင့်ပဲရုန်းကန်ကြရတာပါ။ ပြီးတော့ အခုခေတ်နည်းပြတွေက ကစားသမားတွေကို စိတ်ကြိုက် ဘောလုံးဆွဲပြေးခွင့်ပေးမထားပါဘူး။ တန်ပြန်တိုက်စစ်မမိအောင် ပွဲကိုအပြည့်အဝ ထိန်းချုပ်ချင်ကြပါတယ်။ အာဆင်နယ်ဆိုရင် ခံစစ်ပိတ်ကစားတဲ့အသင်းတွေနဲ့တွေ့ရင် အတော်လေးရုန်းကန်ရပါတယ်"

"ပရီးမီးယားလိဂ်မှာ နေရာလွတ်တွေက အရမ်းကျဉ်းမြောင်းပါတယ်။ ဒါပေမယ့် ကစားသမားတွေကို ဘောလုံးကိုင်ခွင့်နဲ့ အမှားလုပ်ခွင့်မပေးရင် ဖန်တီးမှုတွေ ပြုလုပ်နိုင်ဖို့ခက်ပါတယ်။ ကစားသမားတွေအနေနဲ့လည်း ရလာတဲ့အခွင့်အရေးကိုအသုံးမချနိုင်ရင်တော့ ဆက်လက်ရုန်းကန်နေရဦးမှာပါ" လို့ပြောကြားခဲ့ပါတယ်။