ဂျိမ်းစ်ထရက်ဖို့ဒ်ကို ခေါ်ယူဖို့ ချဲလ်ဆီးဂန္ထဝင် အက်ရှ်လေကိုးလ် တိုက်တွန်း
ချဲလ်ဆီးအသင်းရဲ့ ဂန္ထဝင်တစ်ဦးဖြစ်သူ အက်ရှ်လေကိုးလ်က မန်ချက်စတာစီးတီး ဂိုးသမား ဂျိမ်းစ်ထရက်ဖို့ဒ်ကို စတန်းဖို့ဒ်ဘရစ်ချ်မှာ မြင်တွေ့ချင်နေပါတယ်။
အက်ရှ်လေကိုးလ်က ချဲလ်ဆီးရဲ့ လက်ရှိနံပါတ်တစ်ဂိုးသမား ရောဘတ်ဆန်းချက်ဇ်ထက် ထရက်ဖို့ဒ်ကို ပိုပြီးအဆင့်သတ်မှတ်ထားတယ်လို့ ဝန်ခံခဲ့ပါတယ်။
မန်စီးတီးအသင်းမှာ ဒွန်နာရမ်မာရဲ့နောက် ဒုတိယဂိုးသမားအဖြစ်သာ သတ်မှတ်ခံထားရတဲ့အပေါ် ထရက်ဖို့ဒ်က စိတ်ပျက်နေတာကို သိရှိထားတဲ့ အက်ရှ်လေကိုးလ်က Paddy Power ကို အခုလို ပြောကြားခဲ့ပါတယ်။ "ရောဘတ်ဆန်းချက်ဇ်နဲ့ ပတ်သက်တဲ့ အခြေအနေက ခက်ခဲပါတယ်။ သူက တစ်ခါတလေမှာ အစွမ်းကုန်ကြိုးစားပြတတ်ပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ပွဲထွက်လူစာရင်းကနေ ဖယ်ချန်ခံခဲ့ရပါတယ်"
"ဒီအချက်က နည်းပြ လီယမ်ရိုဆင်နီယာအနေနဲ့ ဘယ်သူ့ကို ပထမဂိုးသမားအဖြစ် သုံးမလဲဆိုတာ တကယ်တမ်း မဆုံးဖြတ်ရသေးဘူးဆိုတာကို ပြနေတာပါ။ သူကိုယ်တိုင်ကတော့ အဲဒီလိုပုံစံမျိုးနဲ့ အလုပ်မလုပ်ဘူးလို့ ပြောထားပေမဲ့ပေါ့" လို့ ၎င်းက ဆိုပါတယ်။
ချဲလ်ဆီးအသင်းအနေနဲ့ ဆုဖလားတွေအတွက် ယှဉ်ပြိုင်နိုင်စွမ်းရှိချင်တယ်ဆိုရင် ထိပ်တန်းအဆင့်ရှိတဲ့ ဂိုးသမားတစ်ယောက် လိုအပ်တယ်လို့လည်း အက်ရှ်လေကိုးလ်က ယုံကြည်နေပါတယ်။
"တကယ်လို့ ဂျိမ်းစ်ထရက်ဖို့ဒ်လို ဂိုးသမားမျိုးကို ခေါ်ယူဖို့ အခွင့်အရေးရှိလာမယ်ဆိုရင် ချဲလ်ဆီးအနေနဲ့ စဉ်းစားသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ရောဘတ်ဆန်းချက်ဇ်က တိုးတက်လာနေတယ်ဆိုပေမဲ့ ရောက်ရှိရမယ့် အဆင့်တစ်ခုတော့ ကျန်ပါသေးတယ်" လို့ အက်ရှ်လေကိုးလ်က ပြောပါတယ်။
ဆက်လက်ပြီး ၎င်းက "မေးစရာရှိတာက ချဲလ်ဆီးအသင်း ချန်ပီယံလိဂ်မှာ ယှဉ်ပြိုင်နိုင်ဖို့နဲ့ အာဆင်နယ်၊ မန်စီးတီးတို့လို အသင်းတွေကို အမှီလိုက်နိုင်ဖို့အတွက် ဆန်းချက်ဇ်အနေနဲ့ အဲဒီအဆင့်ကို အချိန်မီ ရောက်နိုင်ပါ့မလားဆိုတာပါပဲ" လို့ မှတ်ချက်ပေးခဲ့ပါတယ်။