The network connection is lost.

Banner Image

လိုက်ပ်ဇစ်နဲ့သရေပွဲစဉ်အပြီး အငြင်းပွားဖွယ်ပင်နယ်တီနဲ့ ဒေါ့မွန်ရဲ့တိုက်ပွဲဝင်စိတ်ဓာတ်အကြောင်း ဖွင့်ဟလိုက်တဲ့ ကိုဘယ်လ်

လိုက်ပ်ဇစ်နဲ့ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ စိတ်လှုပ်ရှားစရာစနေနေ့ပွဲစဉ်အပြီး ဒေါ့မွန်ဂိုးသမားဂရီဂေါကိုဘယ်လ်က ခက်ခဲတဲ့ပထမပိုင်းအခြေအနေမှ ပြန်လာနိုင်ဖို့အတွက် ကြံ့ကြံ့ခံကျော်ဖြတ်ခဲ့ရတယ်လို့ ဝန်ခံရင်းအသင်းရဲ့ စိတ်ဓာတ်ပိုင်းကို ချီးကျူးခဲ့ပါတယ်။

ဒေါ့မွန်ဂိုးသမားကိုဘယ်လ် နှစ်ဂိုးပြတ်အရေးနိမ့်နေမှုမှတဆင့် တစ်ဖက်နှစ်ဂိုးစီသရေရလဒ်ထွက်ပေါ်အောင် တိုက်ပွဲဝင်ခဲ့တဲ့ အသင်းရဲ့စိတ်ဓါတ်ပို်ငးကို ချီးကျူးခဲ့တာပါ။ ဆွစ်ဇာလန်လက်ရွေးစင်ဂိုးသမားက အငြင်းပွားဖွယ်ပင်နယ်တီဆုံးဖြတ်ချက်အပေါ် သူ့ရဲ့အမြင်ကို ပြောပြခဲ့သလို ပွဲပြီးခါနီးမှာ ရရှိခဲ့တဲ့ အားအင်တွေကို ဆက်လက်ထိန်းသိမ်းထားဖို့အတွက် အရေးကြီးပုံကိုလည်း ထောက်ပြခဲ့ပါတယ်။

ပွဲစဉ်အပြီး အဒီယီမီပါဝင်ပတ်သက်ခဲ့တဲ့ အငြင်းပွားဖွယ်ပင်နယ်တီဖြစ်ရပ်နဲ့ပတ်သက်လို့ ကိုဘယ်လ်က "ဒါပင်နယ်တီပေးလို့ရတဲ့အနေအထားပါ။ အဒီယီမီက ပြိုင်ဘက်ကစားသမားဆီ တိုးဝင်သွားတာမှန်ပေမဲ့ ဘောလုံးကလည်း အဲ့ဒီမှာ ရှိနေတာပါ။ သူက အဲ့ဒီလိုပဲ ပြေးဝင်ရမှာပဲလေ။ VAR နဲ့ဆိုရင် ဒါဟာ သေချာပေါက်ပင်နယ်တီပေးနိုင်ပါတယ်။ တကယ်ကို ခက်ခဲတဲ့အခြေအနေတစ်ခုပါပဲ" လို့ ပြောခဲ့ပါတယ်။

အဆုံးမှာ ဆုံးဖြတ်ချက်က ဒေါ့မွန်အတွက်ဆုံးရှုံးမှုဖြစ်ခဲ့ပေမဲ့ အသင်းရဲ့တုံ့ပြန်မှုကသာ အရေးကြီးဆုံးဖြစ်တယ်လို့ ကိုဘယ်လ်က အလေးပေးပြောကြားခဲ့ပါတယ်။ "လိုက်ပ်ဇစ်က ဘောလုံးကိုကောင်းကောင်းကစားနိုင်တဲ့ အသင်းပါ။ ကျွန်တော်တို့ပေးလိုက်ရတဲ့နှစ်ဂိုးကလည်း ပုံစံချင်း အရမ်းတူနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ အကောင်းဆုံးတုံ့ပြန်ပြခဲ့ပြီး ပွဲဆီပြန်ရောက်လာအောင် တိုက်ပွဲဝင်ခဲ့ပါတယ်။ အနိုင်မရရှိခဲ့လို့ နှမြောဖို့ကောင်းပါတယ်" လို့ သူက ရှင်းပြခဲ့ပါတယ်။

ဒေါ့မွန်ရဲ့နောက်ကျချေပဂိုးကြောင့် စိတ်လှုပ်ရှားဖွယ်အောင်ပွဲခံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး နောက်ထပ်တစ်ဂိုးရဖို့တောင် နီးစပ်ခဲ့ပါသေးတယ်။ "ချေပဂိုးရပြီးနောက်ပိုင်း ခံစားချက်တွေက အရမ်းကောင်းလာသလို အရေးလည်း ကြီးပါတယ်။ အဲ့ဒီစိတ်ဓာတ်တွေကြောင့် တတိယဂိုးတောင် ရလုနီးပါးဖြစ်ခဲ့တာပါ။ အဲ့ဒီအားအင်တွေကို ကျွန်တော်တို့ ရှေ့ဆက်သယ်ဆောင်သွားရပါမယ်" လို့ ကိုဘယ်လ်က ဆိုပါတယ်။

ဒီရလဒ်က ခက်ခဲတဲ့ အစောပိုင်းပွဲချိန်တွေအပြီး ဒေါ့မွန်ရဲ့စိတ်ဓာတ်ပိုင်းကို ပြသနိုင်ခဲ့တာဖြစ်သလို ကိုဘယ်လ်ရဲ့ပြောကြားချက်တွေအရ ဘွန်ဒက်လီဂါရာသီအဆုံးအဖြတ်ကာလဆီဝင်ရောက်လာချိန် အသင်းမှာ ယုံကြည်မှုကောင်းတွေ ပြန်လည်ရရှိလာတာကိုလည်း မြင်တွေ့ရပါတယ်။