The network connection is lost.

Banner Image

အပျင်းကြီးနေတယ်လို့ ဝေဖန်ခံနေရတဲ့ ဖာနန်ဒက်စ်ကို ကာကွယ်ပြောဆိုလာတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အဲဗာတန်ကို ၂-၂ နဲ့သရေကျခဲ့တဲ့ အမေရိကန်မြေရာသီကြိုခြေစမ်းပွဲစဉ်မှာ ပရိတ်တွေက စွမ်းဆောင်ရည်နိမ့်ကျခဲ့ပြီး အပျင်းကြီးနေတယ်လို့ ဝေဖန်ခဲ့ကြတဲ့ အသင်းရဲ့ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို ကာကွယ်ပြောဆိုလာခဲ့ပါတယ်။ 

အဆိုပါပွဲစဉ်မှာ ဖာနန်ဒက်စ်အနေနဲ့ ယူနိုက်တက်အတွက်ဦးဆောင်ဂိုးကို ပင်နယ်တီမှတစ်ဆင့် သွင်းယူပေးနိုင်ခဲ့သလို၊ အသင်းဖော်မေဆင်မောင့်အတွက်လည်း ဂိုးဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ အာမိုရင်က ပရိသတ်တွေအနေနဲ့ အခုလို ကစားသမားတွေရဲ့စွမ်းဆောင်ရည် အတက်အကျကို သိရှိတဲ့အတွက် ဝမ်းသာမိကြောင်းပြောကြားလာခဲ့ပါတယ်။ 

ပေါ်တူဂီသားနည်းပြက "ကျွန်တော်ကတော့ အသင်းရဲ့ကစားသမားတွေကို ကျေနပ်ပါတယ်။ သူတို့က အခြေအနေကို နားလည်ကြပါတယ်။ ဒီခြေစမ်းခရီးစဉ်က အသင်းအတွက် ပြီးပြည့်စုံတဲ့ခရီးစဉ်ဖြစ်ခဲ့ပါတယ်။ ကစားသမားတွေရဲ့စွမ်းဆောင်ရည်ကို ကောင်းကောင်းသိနေတဲ့ပရိသတ်တွေကြောင့် ပိုပြီးတော့ ကျေနပ်မိပါတယ်" "ကျွန်တော်တို့အနေနဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုမှာ ၂ ပတ်ကြာ နေထိုင်ခဲ့ပြီး အလုပ်လည်းကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။ အခုတော့ ကျွန်တော်တို့ ကာရင်တန်ကိုပြန်ပြီး နောက်ရာသီအတွက် ဆက်လက်ပြင်ဆင်သွားပါမယ်။ ကျွန်တော်တို့မှာ ပိုကောင်းအောင်ကြိုးစားရမယ်ဆိုတဲ့ စိတ်ဓာတ်တွေလည်း ရှိနေပါပြီ" လို့ပြောကြားခဲ့ပါတယ်။ 

NBC နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ယူနိုက်တက်အသင်းခေါင်းဆောင် ဖာနန်ဒက်စ်က အသင်းအနေနဲ့ အပြောင်းအရွှေ့ကာလမကုန်ဆုံးခင် နောက်ထပ် ကစားသမားသစ် ၁ ယောက်၊ ၂ ယောက်လောက်အထိ ထပ်ခေါ်နိုင်မယ်လို့ မျှော်လင့်ကြောင်းပြောကြားခဲ့ပါတယ်။  ဖာနန်ဒက်စ်ရဲ့ပြောဆိုမှုနဲ့ပတ်သက်ပြီး အာမိုရင်က "အသင်းတစ်သင်းက ကစားသမားသစ်တွေနဲ့ဆိုရင်ပိုပြီးတော့ တိုးတက်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာလုံလောက်တဲ့ လူစာရင်းရှိနေပါပြီ။ ကျွန်တော်တို့ အသင်းတစ်သင်းအနေနဲ့ တိုးတက်အောင်လုပ်သွားရပါမယ်။ အသင်းမှာ အခုထက်ပိုပြီးတိုးတက်ဖို့ အလားအလာတွေလား အများကြီးရှိနေပါပြီ" လို့ပြောကြားခဲ့ပါတယ်။ 

ယခုနွေရာသီအတွင်းယူနိုက်တက်ဟာ မားသီးယက်စ်ကွန်ညာနဲ့ ဘရိုင်ယန်အမ်ဘွေမိုတို့ကိုခေါ်ယူပြီး တိုက်စစ်ပိုင်းအင်အားမြှင့်တင်ထားပြီးဖြစ်ပေမယ့် လိုက်ပ်ဇစ်တိုက်စစ်ကြယ်ပွင့် ဘင်ဂျမင်ဆက်ဆခိုကို နယူးကာဆယ်နဲ့အပြိုင်ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ အဲဗာတန်နဲ့ပွဲစဉ်မတိုင်မီမှာ ကလပ်စီအီးအို အိုနာဘရာဒါကလည်း အသင်းဟာ ကစားသမားသစ်တွေနဲ့ထပ်မံအင်အားဖြည့်တင်းဖို့ အချိန်ပြည့်လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါတယ်။ ဘရာဒါက "ကျွန်တော်တို့ အလုပ်တွေအများကြီးလုပ်နေပါတယ်။ အားကစားဒါရိုက်တာ ဂျေဆင်ဝယ်လ်ကော့ဇ်ရဲ့ဦးဆောင်မှုနဲ့ ဈေးကွက်ထဲမှာ ကစားသမားတွေရှာဖွေနေပါတယ်။ အသင်းကိုအင်အားဖြည့်တင်းဖို့ ကြိုးစားနေတုန်းပါ" လို့ပြောကြားခဲ့ပါတယ်။