The network connection is lost.

Banner Image

ကစားသမားသစ်ခေါ်ယူဖို့ ဆွေးနွေးမှုတွေမရှိသေးကြောင်း ဖွင့်ဟပြောကြားလာတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က လိဒ်နဲ့ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ကစားသမားသစ်တွေခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေမရှိသေးကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

အာမိုရင်ဟာ လွန်ခဲ့တဲ့ ၂ ပတ်ခန့်က အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး လှုပ်ရှားမှုတွေရှိလာနိုင်ကြောင်း ပြောကြားခဲ့ပေမယ့် ယခုအခါမှာတော့ ဆွေးနွေးမှုတွေမရှိသေးကြောင်းပြောကြားခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ ဘုန်းမောက်တိုက်စစ်ကြယ်ပွင့် အန်တိုနီဆီမီညိုကိုခေါ်ယူဖို့ စိတ်ဝင်စားခဲ့သေးပေမယ့် ကစားသမားဟာ မန်စီးတီးကို ရွေးချယ်သွားခဲ့ပါတယ်။ 

ခရစ္စမတ်အကြိုနေ့မှာ အာမိုရင်က "ကျွန်တော်တို့ ၃-၄-၃ ကစားကွက်ကို အကောင်းဆုံး ပုံဖော်ချင်တယ်ဆိုရင် ပိုက်ဆံအများကြီး သုံးရမယ်၊ အချိန်လည်း အများကြီး ယူရမယ်လို့ ခံစားရတယ်။ အခုတော့ အဲဒါတွေ ဖြစ်မလာနိုင်တော့ဘူးဆိုတာ ကျွန်တော် နားလည်လာပြီ။ ဒါကြောင့် ကျွန်တော်ပဲ ကစားကွက်ကို ပြောင်းလဲဖို့ လိုအပ်လာပါပြီ။" လို့ပြောကြားခဲ့ပါတယ်။

အာမိုရင်ဟာ နယူးကာဆယ်နဲ့ပွဲမှာ ခံစစ်လေးယောက်တန်းပုံစံသို့ ပြောင်းလဲကစားခဲ့ပေမယ့် ဝုလ်ဗ်နဲ့ ၁-၁ သရေကျခဲ့သည့်ပွဲတွင် ၃-၄-၃ သို့ ပြန်ပြောင်းခဲ့ပါတယ်။ အဆိုပါကစားကွက်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်မှုများ ရှိလာတဲ့အခါ သူက "အဲဒီအကြောင်း ကျွန်တော် မပြောချင်တော့ဘူး"လို့ ဖြေကြားခဲ့ပါတယ်။ 

တနင်္ဂနွေနေ့မှာ ကစားမယ့် လိဒ်ယူနိုက်တက်နဲ့ ပွဲစဉ်မတိုင်မီ အာမိုရင်ရဲ့ စိတ်အခြေအနေမှာ ပုံမှန်ထက် ပိုမို လေးလံနေပုံရပါတယ်။ အသင်းမှာ ဒဏ်ရာပြဿနာနဲ့ နိုင်ငံတကာပွဲစဉ် တာဝန်တွေကြောင့် ကစားသမား (၈) ဦးခန့်အထိ မပါဝင်နိုင်တဲ့အခြေအနေလည်းရှိနေပါတယ်။ 

ကိုဘီ မိုင်နူးက ခြေသလုံးကြွက်သား ဒဏ်ရာကြောင့် ဆက်လက် အနားယူနေရဆဲဖြစ်ပြီး၊ အသင်းရဲ့ အဓိက ကစားသမား ဘရူနို ဖာနန်ဒက်စ် လည်း ပါဝင်နိုင်ဖို့မရှိပါဘူး။  မိုင်နူးနဲ့ ဇက်ခ်ဇီးတို့ ဇန်နဝါရီမှာ အသင်းပြောင်းဖွယ် ရှိတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး အာမိုရင်က မည်သူမျှ အသင်းမှ ထွက်ခွာရန် တောင်းဆိုခြင်း မရှိသေးကြောင်း ပြောကြားခဲ့ပါတယ်။

သို့သော်လည်း ပေါ်တူဂီသားက "ကျွန်တော်တို့ အသင်းရဲ့ အင်အားကို ကြည့်မယ်ဆိုရင် ဘယ်သူ့ကိုမှ အသင်းက ထွက်ခွင့်ပေးဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ကစားသမားတွေ အနေနဲ့ ဂျေဆန်နဲ့ပဲ ဆွေးနွေးရပါလိမ့်မယ်" လို့ ပြတ်ပြတ်သားသားပြောဆိုခဲ့ပါတယ်။