ပရီးမီးယားလိဂ်မှာ တစ်ရာသီအတွင်း ဂိုးသွင်းအများဆုံး ဘရာဇီးသားအဖြစ် စံချိန်သစ်တင်ခဲ့တဲ့ သီယာဂို
ဘရန့်ဖို့ဒ်တိုက်စစ်မှူး အီဂေါသီယာဂိုဟာ ကြာသပတေးနေ့က ဆန်းဒါးလန်းကို ၃-၀ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် ၂ ဂိုးအထိသွင်းယူခဲ့တာကြောင့် ဒီရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၁၆ ဂိုးအထိ ရရှိခဲ့ပြီဖြစ်ပါတယ်။ အဆိုပါပမာဏဟာ ယခင်က ပရီးမီးယားလိဂ်မှာ ဘယ်ဘရာဇီးလူမျိုးကစားသမားမှ မရောက်ဖူးတဲ့ အရေအတွက်ဖြစ်ပြီး သီယာဂိုအနေနဲ့ ယခုအခါမှာ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ဖို့ အလားအလာကောင်းတွေလည်းပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။
ယခင်က လီဗာပူးတိုက်စစ်မှူးဟောင်း ရော်ဘတ်တိုဖာမီနိုက ၂၀၁၇-၁၈ ရာသီမှာ ၁၅ ဂိုးသွင်းယူခဲ့ပြီး အာဆင်နယ်တောင်ပံကစားသမား ဂါဘရီရယ်မာတင်နယ်လီကလည်း ၂၀၂၂-၂၃ ရာသီမှာ ၁၅ ဂိုးနဲ့ ဖာမီနိုရဲ့စံချိန်ကို လိုက်မီခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီအတွင်းမှာလည်း ဝုဗ်အတွက်ကစားပေးခဲ့တဲ့ မားသီးယက်စ်ကွန်ညာဟာ ပရီးမီးယားလိဂ်မှာ ၁၅ ဂိုးအထိသွင်းယူနိုင်ခဲ့ပေမယ့် ဖာမီနိုနဲ့ မာတင်နယ်လီတို့ကို ကျော်ြဖတ်နိုင်ခဲ့ခြင်းမရှိဘဲ စံချိန်တူသာရရှိခဲ့ပါတယ်။
ယခုအခါမှာ သီယာဂိုကတော့ ရာသီဝက်မှာပဲ သွင်းဂိုး ၁၆ ဂိုးနဲ့ အဆိုပါကစားသမား ၃ ဦးစလုံးကိုကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်မှာ တစ်ရာသီအတွင်း ဂိုးသွင်းအများဆုံး ဘရာဇီးလူမျိုးကစားသမားဆိုတဲ့ သမိုင်းမှတ်တိုင်သစ်ကို စိုက်ထူနိုင်ခဲ့တာဖြစ်ပါတယ်။
စံချိန်သစ်ရရှိခဲ့တဲ့အပေါ် သီယာဂိုက "ကျွန်တော် အခုလောက်အထိ ဂိုးတွေအများကြီးသွင်းနိုင်မယ်လို့ မမျှော်လင့်ခဲ့ပါဘူး။ ဒီအတိုင်းပဲဆက်ပြီးကြိုးစားသွားမှာပါ" လို့ပြောကြားခဲ့ပါတယ်။
သီယာဂိုနဲ့ပတ်သက်ပြီး ဘရန့်ဖို့ဒ်နည်းပြ ကိတ်အန်ဒရူးစ်ကတော့ "သူက ပြီးပြည့်စုံတဲ့ ဗဟိုတိုက်စစ်မှူးတစ်ယောက်ပါ။ သူ့ကို အခြားဘယ်ကစားသမားနဲ့မှ မလဲနိုင်ပါဘူး။ သူက ဘူလ်ဂေးရီးယားလိဂ်ကနေ ဘယ်လ်ဂျီယံလိဂ်ကိုပြောင်းခဲ့ပြီး တစ်နှစ်လောက်ဒဏ်ရာနဲ့ နားနေခဲ့ရပြီးမှ ပရီးမီယားလိဂ်မှာ ဒီလိုခြေစွမ်းမျိုးပြသလာနိုင်ခဲ့တာပါ။ ဒီလိုလုပ်နိုင်တဲ့ကစားသမားမျိုးက အရမ်းရှားပါတယ်" လို့ချီးကျူးပြောဆိုခဲ့ပါတယ်။
ဘရန့်ဖို့ဒ်ဟာ ဒီရာသီမှာ နောက်ထပ်ပရီးမီးယားလိဂ်ပွဲစဉ်၁၇ ပွဲအထိ ကစားဖို့ကျန်ရှိနေသေးပြီး သီယာဂိုအနေနဲ့သူ့ရဲ့လက်ရှိဂိုးသွင်းနှုန်းကို ဆက်လက်ထိန်းသိမ်းထားနိုင်မယ်ဆိုရင်တော့ နောက်ထပ်နှစ်ပေါင်းများစွာအထိ ဘယ်ဘရာဇီးကစားသမားမှလိုက်မမီမယ့် စံချိန်မျိုးကို ရရှိသွားနိုင်ပါတယ်။