The network connection is lost.

Banner Image

ဆက်စ်ကိုက ယူနိုက်တက်အတွက် လုံလောက်အောင် မကောင်းဘူးလို့ တင်မ်ရှားဝုဒ်ဝေဖန်

တော့တင်ဟမ်နည်းပြဟောင်း တင်မ်ရှားဝုဒ်က ကြာသပ‌တေးနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘန်လေဘက်ကို ၂ ဂိုးသွင်းယူခဲ့တဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ကိုဟာ အသင်းအတွက်လုံလောက်အောင်မကောင်းသေးဘူးလို့ ဝေဖန်ပြောဆိုလာခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ လိုက်ပ်ဇစ်မှ ယူနိုက်တက်သို့ ပြောင်းရွှေ့ကြေးပေါင် ၇၃ သန်းနဲ့ရောက်ရှိလာခဲ့တဲ့ ဆက်စ်ကိုဟာ ပထမဆုံး ပရီးမီးယားလိဂ်ရာသီမှာတော့ ပုံစံကောင်းရဖို့ရုန်းကန်နေရပြီး သွင်းဂိုးတွေလည်း ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။ ဆလိုဗေးနီးယားလက်ရွေးစင်ဟာ ယနေ့နံနက်က ဘန်လေနဲ့ပွဲစဉ်မှာတော့ ၂ ဂိုးအထိသွင်းယူခဲ့ပြီး သူ့ရဲ့အစွမ်းအစကို စတင်ပြသလာနိုင်ခဲ့ပါတယ်။ 

သို့သော်လည်း တင်မ်ရှားဝုဒ်က "ဆက်စ်ကိုအနေနဲ့ ဂိုးသွင်းလာနိုင်တာက အပြုသဘောဆောင်တဲ့အချက်ပါ။ အခုထက်ပိုပြီး ယုံကြည်မှုတွေရလာမယ်လို့ မျှော်လင့်ပါတယ်။ သူ ဒီမှာခြေစွမ်းပြဖို့ ၆ လလောက်အထိ အချိန်ယူခဲ့ရပါတယ်။ ကျွန်တော်သာဆိုရင် သူ့ကို ပထမပိုင်းအပြီးကတည်းက လူစားလဲပြီး ယူနိုက်တက်အင်္ကျီကိုနောက်ထပ်တစ်ကြိမ် ပေးဝတ်တော့မှာမဟုတ်ပါဘူး။ ကျွန်တော်ပြောခဲ့ပြီးသားပါ။ သူက ယူနိုက်တက်အတွက် လုံလောက်အောင်ကောင်းတဲ့ ကစားသမားမျိုးမဟုတ်ပါဘူး။ သူက တန်းဆင်းတော့မယ့် ဘန်လေအသင်းမျိုးနဲ့မှ ခြေစွမ်းပြနိုင်တာပါ။ နောက်ပွဲတွေမှာ ဒီထက်ပိုကောင်းလာဖို့ မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

တင်မ်ရှားဝုဒ်က ဝေဖန်မှုတွေပြုလုပ်ခဲ့ပေမယ့် ယူနိုက်တက်ကို ယာယီကိုင်တွယ်နေတဲ့ နည်းပြ ဒါရင်းဖလက်ချာကတော့ "သူ့အတွက် ကျွန်တော်ဝမ်းသာပါတယ်။ မနေ့က သူနဲ့ စကားပြောဖြစ်ခဲ့ပြီး သူ့ရဲ့ လှုပ်ရှားမှုတွေနဲ့ သွင်းဂိုးတွေပါဝင်တဲ့ ဗီဒီယိုကို ပြခဲ့ပါတယ်။ သူ့ကိုယ့်သူ ယုံကြည်မှုရှိဖို့နဲ့ တခြားကစားသမားတွေက သူ့ဆီ ဘောလုံးရောက်အောင် ပေးပို့ဖို့ လိုတယ်ဆိုတာ ပြောခဲ့ပါတယ်။ ဒီနေ့ သူ ၂ ဂိုးသွင်းနိုင်ခဲ့တာ တကယ့်ကို ကောင်းမွန်တဲ့ ညတစ်ညဖြစ်စေခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ယူနိုက်တက်အနေနဲ့ ယခုပွဲစဉ်မှာ အနိုင်ရခဲ့ပါက အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာသို့တက်လှမ်းနိုင်မှာဖြစ်ပေမယ့် သရေသာကျခဲ့တကြောင့် ဖလက်ချာက စိတ်ပျက်စရာရလဒ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါသေးတယ်။ လာမယ့် တနင်္ဂနွေနေ့ ဘရိုက်တန်နဲ့ယှဉ်ပြိုင်သွားရမယ့် အက်ဖ်အေဖလားပွဲစဉ်မှာလည်း ဖလက်ချာပဲ ယူနိုက်တက်ကို ဆက်လက်ဦးဆောင်သွားမယ်လို့ အတည်ပြုထားပေမယ့် အသင်းဟာ အိုလီဂန်နာဆိုးလ်ရှားနဲ့ မိုက်ကယ်ကာရစ်တို့ကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ ချိတ်ဆက်မှုတွေပြုလုပ်နေဆဲဖြစ်ပါတယ်။