တော့တင်ဟမ်သို့ပြောင်းရွှေ့ခွင့်မရခဲ့လို့ ဒေါသထွက်ခဲ့ဖူးကြောင်း ဖွင့်ဟလာတဲ့ ဖာနန်ဒက်စ်
မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က သူဟာ ယူနိုက်တက်ိသို့မရောက်ခင် ၂၀၂၀ ခုနှစ်တုန်းက စပို့တင်းမှ တော့တင်ဟမ်သို့ပြောင်းရွှေ့ဖို့နီးစပ်ခဲ့ပေမယ့် သဘောတူညီမှုမရခဲ့တာကြောင့် ဒေါသထွက်ခဲ့ဖူးကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
ဖာနန်ဒက်စ်ကိုခေါ်ယူဖို့အတွက် ယူနိုက်တက်ထက်အရင် တော့တင်ဟမ်ကစတင်ချိတ်ဆက်ခဲ့တာဖြစ်ပေမယ့် စပို့တင်းဘက်က ပေါ်တူဂီသားကိုမရောင်းဖို့ဆုံးဖြတ်ခဲ့တာကြောင့် ဖာနန်ဒက်စ်အနေနဲ့ အသင်းအပေါ် အတော်လေးပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
ယခုအခါမှာတော့ ဖာနန်ဒက်စ်က "အဲဒါ ၂၀၂၀ နွေရာသီတုန်းကပါ။ တော့တင်ဟမ်က ကျွန်တော့်ကိုအရမ်းစိတ်ဝင်စားခဲ့ပြီး ကျွန်တော်ကလည်း သူတို့နဲ့တွေ့ဆုံခဲ့ပါတယ်။ အရာအားလုံးကို အဆင်ပြေနေပြီး အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့အဆင်သင့်ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် ရုတ်တရက်စပို့တင်းက ကျွန်တော့်ကိုမရောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်"
"ဒါကို ကလပ်ကဥက္ကဌဖက်ဒရစ်ကိုဗာရန်ဒက်စ်က ဆုံးဖြတ်ခဲ့တာပါ။ သူ့ရဲ့ဆုံးဖြတ်ချက်ကြောင့် ကျွန်တော်အတော်လေး ဝမ်းနည်းပြီး ဒေါသထွက်ခဲ့ပါတယ်။ အင်္ဂလန်ဈေးကွက်ပိတ်သွားပြီးနောက် အဲဒီကိစ္စကိုပြန်ဆွေးနွေးကြပေမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာတော့ အခြေအနေတွေပြောင်းလဲသွားပါတယ်။ ရာဖင်ဟာနဲ့ ဘက်စ်ဒေါ့စ်တို့ကိုရောင်းချပြီးတာတောင် စပို့တင်းမှာ ဘဏ္ဍာရေးအခက်အခဲတွေရှိနေတုန်းပါပဲ။ ဒါကြောင့် ကျွန်တော့်ကိုပါရောင်းရဖို့ဖြစ်လာချိန်မှာ ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုရောက်လာခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်သို့ပြောင်းရွှေ့ရတော့မယ်လို့ သိလိုက်ရတဲ့အခိုက်အတန့်မှာ အရမ်းစိတ်လှုပ်ရှားခဲ့ကြောင်းကိုလည်း ဖာနန်ဒက်စ်က "ကျွန်တော်အခန်းထဲမှာ အင်္ကျီလဲနေရင်း အသင်းပြောင်းရတော့မယ်လို့ ကျွန်တော်ပြောတော့ ကျွန်တော့်ဇနီးက မျက်ရည်တွေနဲ့ရောက်လာပါတယ်။ သူက ကျွန်တော့်ကို ဘာဖြစ်တာလဲ တစ်ခုခုဖြစ်တာလားလို့ မေးနေခဲ့တာပါ"
"ကျွန်တော် ဝမ်းသာလုံးဆို့ပြီး ဘာမှတောင်ပြန်မပြောနိုင်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ဒါက ကျွန်တော့်အတွက်အိပ်မက်တစ်ခုလိုဖြစ်နေခဲ့လို့ပါ။ မန်ချက်စတာယူနိုက်တက်က ကျွန်တော်အနှစ်သက်လုံးကလပ်ပါ။ မဖြစ်နိုဘူးလို့ထင်ထားတဲ့အပြောင်းအရွှေ့က ၆ လအကြာမှာ ဖုန်းခေါ်ဆိုမှုတစ်ခုရောက်လာပြီး ကိုယ့်ရဲ့အိပ်မက်အသင်းဆီက ကမ်းလှမ်းမှုဖြစ်နေတာကိုသိလိုက်ရတဲ့ခံစားချက်က တကယ်ကိုမယုံနိုင်စရာပါပဲ" လို့ပြောကြားခဲ့ပါတယ်။