နေရာ ၄ ခုအတွက် ကစားသမားသစ်တွေ ခေါ်ယူဖို့ နွေရာသီ အပြောင်းအရွှေ့ အစီအစဉ်တွေကို ယူနိုက်တက် စတင်အကောင်အထည်ဖော်
မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ဗဟိုကွင်းလယ်လူ နှစ်ယောက်ကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ ပြီးခဲ့တဲ့နှစ်က တိုက်စစ်ပိုင်းအတွက် ငွေအမြောက်အမြား အသုံးပြုခဲ့သလိုပဲ အခုနှစ်မှာလည်း အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် အကြီးအကျယ် ရင်းနှီးမြှုပ်နှံဖို့ ယူနိုက်တက်က ရည်ရွယ်ထားတယ်လို့ ဒေးလီးမေးလ်က ဖော်ပြထားပါတယ်။
အစီအစဉ်ထဲမှာတော့ ကွင်းလယ်လူ နှစ်ယောက်အပြင် ဘယ်တောင်ပံကစားသမား တစ်ယောက်၊ ဘယ်နောက်ခံလူ တစ်ယောက်နဲ့ ဗဟိုနောက်ခံလူသစ် တစ်ယောက်ကိုပါ ခေါ်ယူဖို့ ပါဝင်နေပါတယ်။ ယူနိုက်တက် စီမံခန့်ခွဲသူတွေကတော့ ခေါ်ယူချင်တဲ့ ပစ်မှတ်ကစားသမားစာရင်းကို အသေးစိတ် ပြင်ဆင်ထားပြီး နည်းပြရာထူးကို အတည်ပြုပြီးမှပဲ တရားဝင် ကမ်းလှမ်းမှုတွေ စတင်လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ထားတာပါ။
လောလောဆယ်မှာတော့ ယာယီနည်းပြ မိုက်ကယ်ကာရစ်ဟာ နည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေဆဲဖြစ်ပြီး အကယ်၍ ယူနိုက်တက်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရခဲ့မယ်ဆိုရင်တော့ သူ့ကို နည်းပြအဖြစ် ရေရှည်ခန့်အပ်ဖို့ အခွင့်အရေး အများကြီး ရှိနေပါတယ်။