The network connection is lost.

Banner Image

ဘာစီလိုနာသို့ အငှားစာချုပ်နဲ့ပြောင်းရွှေ့ဖို့ ဆေးစစ်မှုတွေပြုလုပ်နေတဲ့ ကန်ဆယ်လို

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်မှာကစားနေတဲ့ နောက်ခံလူ ဂျာအိုကန်ဆယ်လိုဟာ ဘာစီလိုနာသို့ ရာသီဝက်အငှားစာချုပ်နဲ့ပြောင်းရွှေ့ဖို့ ဆေးစစ်မှုတွေပြုလုပ်နေပြီလို့သိပါတယ်။ တစ်ချိန်တည်းမှာပဲ ကစားသမားဟာ ဆေးစစ်မှုအောင်မြင်ထားတာကြောင့် လာမယ့်ဗုဒ္ဓဟူးနေ့မှာ ဘာစီလိုနာအသင်းသားအနေနဲ့ တရားဝင်မိတ်ဆက်သွားမယ်လို့လည်း သတင်းတွေထွက်ပေါ်ထားပါတယ်။ ကန်ဆယ်လိုဟာ ၂၀၂၃-၂၄ ရာသီက ဘာစီလိုနာမှာ ကစားခဲ့ဖူးတာကြောင့် ယခုအခါမှာ နူးကမ့်သို့ ဒုတိယအကြိမ် တစ်ကျော့ပြန်လည်ရောက်ရှိလာတာလည်းဖြစ်ပါတယ်။

ဘာစီလိုနာဟာ ယခုရာသီမှာ အသင်းရဲ့ဒဏ်ရာပြဿနာတွေနဲ့ လူစာရင်းအကန့်အသတ်တွေကြောင့် ကစားသမား မလုံလောက်မှုတွေဖြစ်ပေါ်နေပြီး နည်းပြ ဟန်ဆီဖလစ်ခ်အနေနဲ့ ကန်ဆယ်လိုကိုခေါ်ယူပြီး နောက်တန်းကို အင်အားဖြည့်တင်းဖို့ ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ 

ကန်ဆယ်လိုဟာ ၂၀၂၃-၂၄ ရာသီမှာ မန်စီးတီးမှ ဘာစီလိုနာသို့ တစ်ရာသီအငှားစာချုပ်နဲ့လာရောက်ကစားခဲ့ပြီး ၄၂ ပွဲကစားကာ ၄ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၅ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ထိုစဉ်က ဘာစီလိုနာအနေနဲ့ ပေါ်တူဂီလက်ရွေးစင်ကို အပြီးသတ်ခေါ်ယူလိုခဲ့ပေမယ့် အသင်းရဲ့ဘဏ္ဍာရေးအခြေအနေတွေကြောင့် ဝယ်ယူနိုင်ခဲ့ခြင်းမရှိပါဘူး။ 

ကန်ဆယ်လိုဟာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှာ အယ်လ်ဟီလယ်သို့ ယူရို ၂၅ သန်းနဲ့ပြောင်းရွှေ့ခဲ့ပေမယ့် ဆော်ဒီမြေမှာ ၂ ပွဲသာကစားခွင့်ရခဲ့ပြီး ယခုဇန်နဝါရီမှာတော့ ဥရောပသို့ပြန်လာဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။ ဘာစီလိုနာဟာ ဒဏ်ရာရနေပြီး ၄ လခန့်အနားယူသွားရမယ့် အသင်းရဲ့နောက်ခံလူ အန်ဒရီးယက်စ်ခရစ္စတန်ဆန်နေရာမှာ ကန်ဆယ်လိုကို အစားထိုးဖို့ရည်ရွယ်ထားတယ်လို့သိရပါတယ်။ 

ကန်ဆယ်လိုဟာ ဗဟိုနောက်ခံလူတစ်ယောက်မဟုတ်ပေမယ့် ဘယ်ညာ နောက်ခံ နေရာ ၂ ခုစလုံးမှာကစားနိုင်တာကြောင့် ပွဲစဉ်တွေအများအပြားကစားသွားဖို့ကျန်ရှိနေသေးတဲ့ ဘာစီလိုနာအတွက် အလှည့်ကျပွဲထွက်ဖို့ များစွာအထောက်အကူဖြစ်လာနိုင်ပါတယ်။ လက်ရှိအချိန်မှာ ဘာစီလိုနာဟာ လာလီဂါအမှတ်ပေးဇယားကို ထိပ်ဆုံးကနေဦးဆောင်နေပြီး မကြာသေးမီကလည်း ရီးရဲလ်မက်ဒရစ်ကိုအနိုင်ယူကာ စပိန်စူပါဖလားကို ဆွတ်ခူးထားနိုင်ပါတယ်။ ဒါကြောင့် ယခုအခါမှာ ကန်ဆယ်လိုကိုခေါ်ယူလိုက်နိုင်ခြင်းက ဒီရာသီအသင်းရဲ့ ဆုဖလားမျှော်လင့်ချက်တွေကို ပိုမိုအားကောင်းလာစေနိုင်ပါတယ်။