The network connection is lost.

Banner Image

ယူနိုက်တက်နည်းပြ ရာထူးမှာ ခိုင်မြဲစေဖို့ နည်းပြအဖွဲ့ဝင်တွေကို အပြောင်းအလဲတွေပြုလုပ်သွားမယ့် တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဟာ အသင်းကနေ ထုတ်ပယ်ခံရလုနီးပါးဖြစ်ခဲ့ပြီးနောက်မှာတော့ ရာသီကုန်သုံးသပ်ချက်နဲ့အတူ နည်းပြအဖြစ် ဆက်လက်ခန့်အပ်ခံခဲ့ရပြီး ယခုအခါမှာတော့ သူ့ရဲ့ရာထူးကို ခိုင်မာစေဖို့ နည်းပြအဖွဲ့ဝင်တွေကို အပြောင်းအလဲတွေပြုလုပ်သွားမယ်လို့ သိရပါတယ်။

တန်ဟက်ဟာ ယခုအခါမှာ ဘန်လေရဲ့ဂိုးနည်းပြ ဂျဲလ်တန်ရူဝယ်လာကို အသင်းအတွက် ခေါ်ယူဖို့ကြိုးစားနေပြီး အန်ဒရေအိုနာနာ၊ အယ်လ်တေးဘယင်ဒါ၊ တွန်ဟီတန်တို့နဲ့ ရာသီကြိုကာလမှာ လက်တွဲလုပ်ဆောင်စေဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ဒီလုပ်ဆောင်ချက်ဟာ ၂၀၂၆ ခုနှစ်အထိ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ တန်ဟက်ရဲ့ ပြောင်းလဲမှုဆိုင်ရာ ကနဦးလုပ်ဆောင်ချက်ဖြစ်နိုင်တယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။

ဘန်လေဂိုးနည်းပြ ရူဝယ်လာဟာ ပြီးခဲ့တဲ့ ၂ လလောက်က အေဂျက်စ်သို့ပြောင်းရွှေ့ဖို့ မျှော်လင့်ထားခဲ့ပေမယ့် အသင်းရဲနည်းပြချုပ် ဗင်းဆင့်ကွန်ပနီက ဘိုင်ယန်မြူးနစ်သို့ ရုတ်တရက်ပြောင်းရွှေ့သွားခဲ့တာကြောင့် သောင်မတင်ရေမကျအခြေအနေနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။  လက်ရှိမှာတော့ ယူနိုက်တက်ဟာ နည်းပြရဲ့ စာချုပ်လျော်ကြေးငွေကို ပေးချေဖို့လုပ်ဆောင်နေပြီး တတ်နိုင်သလောက် အမြန်ဆုံးခေါ်ဆောင်သွားတော့မှာဖြစ်ပါတယ်။

အသက်-၄၃ နှစ်အရွယ် ရူဝယ်လာဟာ ၂၀၂၂-၂၃ ချန်ပီယံရှစ်ရာသီမှာ ဘန်လေအတွက် အဓိကအခန်းကဏ္ဍကနေပါဝင်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီကလည်း အသင်းရဲ့ဂိုးသမား မူရစ်ကို နည်းပြခဲ့တာဖြစ်ပါတယ်။ ကွန်ပနီဟာ ရူဝယ်လာကို ၂၀၂၂ မှာဘန်လေသို့ စတင်ခေါ်ဆောင်ခဲ့တာဖြစ်ပြီး ရူဝယ်လာဟာ ၂၀၁၈-၁၉ ရာသီမှာ နယ်သာလန် ယူ-၂၀ အသင်းကို နည်းပြခဲ့ဖူးပါတယ်။

ယူနိုက်တက်ရဲ့လက်ရှိဂိုးနည်းပြ ရစ်ချတ်ဟားတစ်ကတော့ ဒီနွေရာသီမှာပဲ အသင်းကနေ ထွက်ခွာသွားတော့မှာဖြစ်ပါတယ်။ ရစ်ချတ်ကို ၂၀၁၉ ခုနှစ်မှာ အိုလီဂန်နာဆိုးလ်ရှားက အိုးလ်ထရက်ဖို့ဒ်သို့ ခေါ်ယူခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ စာချုပ်သက်တမ်း ကုန်ဆုံးနေပြီဖြစ်ပါတယ်။