
ယူနိုက်တက်နည်းပြဟောင်းကိုထုတ်ပယ်ခဲ့တာနဲ့ပတ်သက်ပြီး ကာကွယ်ပြောကြားလိုက်တဲ့ အမှုဆောင် ကာရို
ဘိုင်ယန်အမှုဆောင် ဖာနန်ဒိုကာရိုက အသင်းအနေနဲ့ တန်ဟက်ကို ငှားရမ်းခဲ့တာက အမှားတစ်ခုလို့ ဝန်ခံပြောကြားလိုက်ပါတယ်။ ဒါပေမယ့် နယ်သာလန်သားနည်းပြကို ၂ ပွဲအပြီးမျာ ချိန်သားကိုက်ထုတ်ပယ်နိုင်ခဲ့တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ အဲ့နောက် ဒိန်းမတ်နည်းပြဟောင်း ဟာဂျယ်မန်းကို ခန့်အပ်ခဲ့ပြီး ပထမဆုံးပွဲဖြစ်တဲ့ ဖရန့်ဖတ်နဲ့ပွဲမှာ ၃-၁ နဲ့အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ဟော့ဖန်ဟိမ်း ၊ ဝါဒါဘရီမင်တို့ကိုအရေးနိမ့်ခဲ့ပြီးနောက် တန်ဟက်ကို ထုတ်ပယ်ခဲ့တာဖြစ်ပြီး ကာရိုက အခုလိုလုပ်ဆောင်ခဲ့တာက မှန်ကန်တယ်လို့ ပြောကြားလိုက်ပါတယ်။ သတင်းတွေအရ လေဗာကူဆင်ဟာ တန်ဟက်ရဲ့အေဂျင်စီထံကနေ ကစားသမားတွေခေါ်ယူဖို့ တန်ဟက်တွန်းအားပေးတာနဲ့ပတ်သက်ပြီး ဒေါသထွက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့နောက် နည်းပြ တန်ဟက်ရဲ့အဝတ်လဲခန်းအတွင်းကိုင်တွယ်ပုံတွေအပြင် နည်းစနစ်ပိုင်းကိုလည်း သဘောမကျခဲ့ဘူးလို့ သိရပါတယ်။ တန်ဟက်ကလည်း သူ့အနေနဲ့ အသင်းကနေထွက်ခွာရတာဟာ အဓိကကစားသမားတွေထွက်ခွာမှုအပြင် ကစားသမားအသစ်တွေကြောင့်လို့ ပြောကြားလိုက်ပါတယ်။
ဂျာမန်သတင်းဌာန Bild နဲ့အင်တာဗျူးမှာ အမှုဆောင်ဒါရိုက်တာ ကာရိုက တန်ဟက်ထုတ်ပယ်မှုနဲ့ပတ်သက်ပြီး “ကျွန်တော်တို့ဘက်က တန်ဟက်ကိုငှားရမ်းခဲ့တာက အမှားတစ်ခုဆိုတာ ရှင်းရှင်းလင်းလင်းပြောချင်ပါတယ်။ ဘယ်လိုပဲပြောပြော အခုလိုအရာတွေကဖြစ်ပျက်တတ်ပါတယ်။ ဘယ်သူမဆို ပုဂ္ဂိုလ်ရေးဆုံးဖြတ်ချက်တွေကိုသိပါတယ်။ အဲ့တာက စိတ်ပျက်စရာပါ။ ဒါပေမယ့် သာမန်ပြဿနာကို ကျွန်တော်တို့အဆင်ပြေပြေကိုင်တွယ်နိုင်ခဲ့ပါတယ်။ ဘာမှမပြင်းထန်ပါဘူး။ အမှားတစ်ခုလုပ်ချိန်မှာ ခင်ဗျားအနေနဲ့ ချိန်သားကိုက်တုံ့ပြန်နိုင်ဖို့ လိုအပ်ပါတယ်”လို့ ကာရိုက ပြောကြားခဲ့ပါတယ်။
လေဗာကူဆင်ဟာ နည်းပြသစ် ဟာဂျယ်မန်းလက်အောက်မှာ ပထမဆုံးနိုင်ပွဲကိုရယူနိုင်ခဲ့ပါတယ်။ ဘယ်နောက်ခံလူ ဂရီမယ်လ်ဒိုက ဖရီးကစ်ကနေတိုက်ရိုက် ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပါတယ်။ လေဗာကူဆင်ဟာ လာမယ့်စက်တင်ဘာ ၁၈ ရက်နေ့မှာ ချန်ပီယံလိဂ်ပထမဆုံးပွဲအဖြစ် ကိုပင်ဟေဂင်နဲ့ကန်ရမှာဖြစ်ပါတယ်။