The network connection is lost.

Banner Image

ဇန်နဝါရီမှာ မိုင်နူးကိုခေါ်ယူနိုင်ဖို့ အခုကတည်းကပြင်ဆင်နေတဲ့ နာပိုလီ

နာပိုလီဟာ မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ကိုဘီမိုင်နူးကို စိတ်ဝင်စားနေပြီး လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာခေါ်ယူနိုင်ဖို့အတွက် ခုကတည်းက ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေပြီလို့သိရပါတယ်။ မိုင်နူးဟာ ယခု ၂၀၂၅-၂၆ ရာသီအတွင်း ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ရုန်းကန်နေရသူဖြစ်ပြီး အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာဖို့လည်း ဆန္ဒရှိနေတယ်လို့ထင်ကြေးပေးနေကြပါတယ်။ နည်းပြရူဘင်အာမိုရင်ဟာ အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်ကိုသာ အဓိကဦးစားပေးပွဲထုတ်နေတာကြောင့် ယူနိုက်တက်မှာ မိုင်နူးရဲ့အခန်းကဏ္ဍဟာ အတော်လေးလျော့ကျလာခဲ့တာလည်းဖြစ်ပါတယ်။

အာမိုရင်ဟာ ဖာနန်ဒက်စ်ကို ကွင်းလယ်ခံစစ်အထိပါ ဆင်းကစားခိုင်းနေပြီး ပေါ်တူဂီသားအနေနဲ့ အဆိုပါနေရာမှာခြေစွမ်းမပြနိုင်တာကြောင့် ပရိသတ်တွေက မိုင်နူးကို အသုံးပြု ဖို့နဲ့ ဖာနန်ဒက်စ်ကို တိုက်စစ်နေရာပြန်ပို့ဖို့ တောင်းဆိုထားကြပါတယ်။ မိုင်နူးဟာ ယခင်က နည်းပြဟောင်းအဲရစ်တန်ဟက်ရဲ့လက်အောက်မှာ ကွင်းလယ်ခံစစ်ကစားသမားအဖြစ် ခြေစွမ်းပြသနိုင်ခဲ့သလို၊ ၂၀၂၄ ခုနှစ် ယူရိုပြိုင်ပွဲမှာလည်း အင်္ဂလန်အသင်းအတွက် အဓိကပါဝင်ကစားခွင့်ရထားခဲ့သူဖြစ်ပါတယ်။ 

အာမိုရင်ရဲ့သတ်မှတ်ချက်အရတော့ မိုင်နူးဟာ ဖာနန်ဒက်စ်နဲ့ တစ်နေရာတည်းမှာကစားနေရတာဖြစ်လို့ အရန်ကစားသမားအဖြစ်သာ ပါဝင်နေရပြီး ဒီရာသီပရီးမီးယားလိဂ်မှာ တစ်ကြိမ်မှ ပွဲထွက်ခွင့်မရသေးပါဘူး။ အင်္ဂလန်ကြယ်ပွင့်အနေနဲ့ ပြီးခဲ့တဲ့နွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာဖို့ တောင်းဆိုခဲ့ပေမယ့် ယူနိုက်တက်ဘက်က ဗီတိုအာဏာနဲ့ပယ်ချခဲ့ပြီး အသင်းမှာဆက်လက်နေစေခဲ့တာဖြစ်ပါတယ်။ 

ယခုအခါမှာတော့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ဖို့ နီးကပ်လာပြီဖြစ်တာကြောင့် မိုင်နူးအနေနဲ့ အင်္ဂလန်အသင်းမှာရွေးချယ်ခံရဖို့ ယူနိုက်တက်မှထွက်ခွာပြီး ပုံမှန်နေရာရနိုင်မယ့်အသင်းဆီသို့ ပြောင်းရွှေ့လိုနေဆဲဖြစ်တယ်လို့လည်း သတင်းတွေကဆိုပါတယ်။ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ စကော့မက်တိုမီနေး၊ ရက်စ်မွတ်စ်ဟွိုက်လန်းတို့က နာပိုလီသို့ထွက်ခွာပြီးနောက် ထိပ်တန်းခြေစွမ်းတွေပြန်လည်ရရှိလာခဲ့တာကြောင့် မိုင်နူးအနေနဲ့လည်း သူတို့ရဲ့ခြေရာကိုနင်းပြီး နာပိုလီသို့ပြောင်းရွှေ့လိုနေတာဖြစ်ပါတယ်။

နာပိုလီသို့ မိုင်နူးရဲ့အပြောင်းအရွှေ့ဖြစ်ပေါ်လာနိုင်ကြောင်းကို နာမည်ကျော်ဂျာနယ်လစ် အီမန်နူရယ်ကမ်မာရိုတိုက "ဇန်နဝါရီမှာ နာပိုလီက မိုင်နူးကိုခေါ်ယူဖို့ အတော်လေးစိတ်ဝင်စားနေပြီး ယူနိုက်တက်ဘက်က အပြီးသတ်မရောင်းချရင်တောင် အပြီးသတ်ဝယ်ခွင့်ပါ အငှားစာချုပ်နဲ့ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ ယူနိုက်တက်ဘက်ကလည်း ဒီကိစ္စကိုစဉ်းစားနေပြီး အငှားချသွားဖို့ စီစဉ်နိုင်ပါတယ်" လို့ပြောကြားထားပါတယ်။

လက်ရှိယူနိုက်တက်ရဲ့ကွင်းလယ်မှာ ကတ်စ်မဲရိုးက ခြေအကျဘက်ရောက်နေပြီဖြစ်သလို၊ မန်နူရယ်ယူဂါတီကလည်း ပုံမှန်ခြေစွမ်းပြသဖို့ရုန်းကန်နေရတာကြောင့် မိုင်နူးကို မဆုံးရှုံးချင်ဘူးဆိုရင်တော့ နည်းပြအာမိုရင်အနေနဲ့ ကစားသမားကို ပွဲထွက်ခွင့်လုံလုံလောက်လောက် ပေးအပ်သွားဖို့လိုအပ်နေမှာဖြစ်ပါတယ်။ တကယ်လို့ အာမိုရင်အနေနဲ့ မိုင်နူးကို ပွဲထွက်ခွင့်မပေးဘူးဆိုရင်တော့ ယူနိုက်တက်ဟာ အသင်းရဲ့အကယ်ဒမီထွက်အဖိုးတန်ကြယ်ပွင့်တစ်ဦးကို ထပ်မံဆုံးရှုံးရဖို့အလားအလာများနေပါတယ်။