The network connection is lost.

Banner Image

အာမိုရင်က ရိုးသားတဲ့လူဖြစ်လို့ ဆက်ဆံရတာ အဆင်ပြေကြောင်းပြောကြားလာတဲ့ ဒီလစ်ခ်ျ

မန်ချက်စတာယူနိုက်တက်ဗဟိုခံစစ်မှူး ဒီလစ်ခ်ျက အသင်းနည်းပြ ရူဘင်အာမိုရင်ဟာ ရိုးသားတဲ့လူဖြစ်တာကြောင့် ဆက်ဆံရတာအဆင်ပြေကြောင်းနဲ့ ယူနိုက်တက်လိုအသင်းအတွက်ကစားရတာက ဖိအားရှိကြောင်း ပြောကြားလာခဲ့ပါတယ်။

ယူနိုက်တက်ဟာ လက်ရှိ ၂၀၂၅-၂၆ ရာသီအစမှာပဲ ရလဒ်ဆိုးတွေနဲ့ကြုံတွေ့နေရလို့ နည်းပြအာမိုရင်အပေါ်ဖိအားတွေတိုးနေပေမယ့် ဒီလစ်ခ်ျကတော့ ယူနိုက်တက်လိုအသင်းအတွက် ဖိအားဆိုတာ အထူးအဆန်းမဟုတ်ကြောင်း ရှင်းပြလာခဲ့တာဖြစ်ပါတယ်။

ယခုရာသီမှာ ယူနိုက်တက်ဟာ ပြိုင်ပွဲစုံ ၈ ပွဲကစားပြီးချိန် နိုင်ပွဲ ၃ ပွဲသာရသေးတယကြောင့် အာမိုရင်ရဲ့ယူနိုက်တက်နည်းပြရာထူးဟာ အမျိုးမျိုးထင်ကြေးပေးခံနေရပြီး အိုးလ်ထရက်ဖို့ဒ်မှ မကြာမီမှာပဲ ထွက်ခွာသွားရတော့မယ်လို့ ကောလာဟလတွေလည်းထွက်ပေါ်နေတာဖြစ်ပါတယ်။ ယခုရာသီအတွင်းယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ ဘန်လေ၊ ချဲလ်ဆီးနဲ့ ဆန်းဒါးလန်းတို့ကိုသာ အနိုင်ရထားတာဖြစ်ပြီး မန်စီးတီး၊ အာဆင်နယ်နဲ့ ဘရန့်ဖို့ဒ်တို့ကို ရှုံးနိမ့်ထားကာ ကာရာဘောင်ဖလားပြိုင်ပွဲမှာလည်း ဂရင်းစ်ဘီတောင်းကို အရေးနိမ့်ကာ ပြိုင်ပွဲကနေ နုတ်ထွက်ထားရပါတယ်။

သို့သော် မကြာသေးမီကတော့ အသင်းရဲ့တွဲဖက်ပိုင်ရှင် ဆာဂျင်မ်ရက်ကလစ်ဖ်ဟာ အာမိုရင်ကို ရာထူးမှာ ၃ နှစ်အပြည့်အဝ ခန့်အပ်ထားမှာဖြစ်ကြောင်း ပြောကြားထားတာကြောင့် ပေါ်တူဂီသားအနေနဲ့ ဖိအားတွေအတော်အတန်လျော့နည်းခဲ့ရပါတယ်။

လီဗာပူးနဲ့ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီမှာ အာမိုရင်က "ပွဲစဉ်တွေပြီးတဲ့အချိန်တိုင်းမှာ ရက်ကလစ်ဖ်ကကျွန်တော့်ကို တစ်ခုမဟုတ်တစ်ခု အမြဲတမ်းပြောပြလေ့ရှိပါတယ်။ ဘောလုံးမှာ အောင်မြင်မှုရရှိဖို့ အချိန်တိုလေးအတွင်းမှာမဖြစ်နိုင်ဘူးဆိုတာ ကျွန်တော်ရော သူရောသိပါတယ်။ သူအခုလိုပြောတာကို ကြားရတာ တကယ်ကောင်းပါတယ်"

"ဒါကို ပရိသတ်တွေအနေနဲ့လည်း နားလည်မယ်လို့မျှော်လင့်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဖိအားတွေကို ဆက်လက် ခံယူပြီး အသင်းတိုးတက်ဖို့အတွက် ပုံမှန်အတိုင်းဆက်လက်ကြိုးစားသွားမှာပါ။ အသင်းကို ပြောင်းလဲမှုတွေပြုလုပ်သွားဖို့ ကျွန်တော်တို့ ဖိအားတွေရှိနေသေးတယ်လို့ ခံယူထားပါတယ်" လို့ပြောကြားခဲ့ပါတယ်။

ယခုအခါမှာ ဒီလစ်ခ်ျကလည်း အာမိုရင်နောက်မှာရပ်တည်နေကြောင်းကို "ကျွန်တော် သူနဲ့ဆက်ဆံရေးကောင်းတစ်ခုကို တည်ဆောက်ထားပါတယ်။ ဒါကလည်း သူ့ရဲ့ရိုးသားမှုနဲ့ စကားကို တည့်တည့်ပဲပြောတတ်တဲ့ အကျင့်စရိုက်ကြောင့်ပါ။ ဒီလို ရှင်းရှင်းလင်းလင်းရှိတဲ့ဆက်သွယ်မှုတွေက နှစ်ဦးနှစ်ဖက်စလုံးအတွက် အကျိုးရှိစေပါတယ်"

"ကျွန်တော်တို့ အသင်းတစ်သင်းအနေနဲ့ တိုးတက်လာပါပြီ။ မော်ဒန်ဘောလုံးလောကမှာ နောက်တန်း ၄ ယောက်နဲ့ကစားကြပေမယ့် အာမိုရင်ရဲ့ ၃ ယောက်တွဲခံစစ်ကလည်း အရမ်းအလုပ်ဖြစ်ပါတယ်။ ဒါကို ပရိသတ်တွေမြင်တွေ့ရမှာပါ" လို့ပြောကြားခဲ့ပါတယ်။

လာမယ့်တနင်္ဂနွေနေ့ လီဗာပူးနဲ့ပွဲစဉ်မှာတော့ အာမိုရင်အနေနဲ့ အန်ဖီးလ်မှာ ရလဒ်ကောင်းတစ်ခုကိုဖော်ဆောင်ပြီး ဖိအားတွေလျှော့ချသွားနိုင်မလား စောင့်ကြည့်ရပါမယ်။