
အသင်းဟောင်းပြန်မယ်ဆိုတဲ့သတင်းတွေအပေါ် တုံ့ပြန်လိုက်တဲ့ ဘိုင်ယန်စတား
လာမယ့်နွေရာသီမှာ အသင်းဟောင်း တော့တင်ဟမ်ထံပြန်နိုင်ချေရှိနေတယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီး ဘိုင်ယန်တိုက်စစ်မှူး ကိန်းက သူ့အနေနဲ့ အဲ့အကြောင်း မတွေးဖြစ်သေးဘူးလို့ ပြောကြားလိုက်ပါတယ်။ အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ၂၀၂၃ တုန်းက တော့တင်ဟမ်ကနေထွက်ခွာခဲ့တာဖြစ်ပြီး ဒီရာသီမှာ ဘိုင်ယန်အတွက် ပြိုင်ပွဲစုံ ၂၁ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် နဲ့ တော့တင်ဟမ်ဂန္ထဝင်အဖြစ် သတ်မှတ်ခံထားရတဲ့ ကိန်းဟာ ဘိုင်ယန်အသင်းမှာပဲ ဆက်ကစားချင်နေပါတယ်။ အသက် ၃၂ နှစ်သားအနေနဲ့ အင်္ဂလန်မြေမှာ မပြီးပြတ်သေးတဲ့ကိစ္စရှိနေသေးတာဖြစ်ပြီး ငယ်ဘဝကလပ်နဲ့အတူ ဆုဖလားအောင်မြင်မှုယူဖို့အပြင် အလန်ရှီးယားရဲ့ဂိုးသွင်းအများဆုံးစံချိန်ကိုကျော်ဖြတ်နိုင်ဖို့ ရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကိန်းအနေနဲ့ ဘိုင်ယန်ကနေထွက်ခွာဖို့အတွက် ခက်ခဲနိုင်တာဖြစ်ပြီး အခုလက်ရှိမှာလည်း ၂ ကြိမ်ဆက် ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်နိုင်ဖို့ အခြေအနေကောင်းနေပါတယ်။
ဒီရာသီမှာ ကိန်းအနေနဲ့ အခုနှုန်းထားအတိုင်းဂိုးဆက်သွင်းနိုင်မယ်ဆိုရင် မက်ဆီ ၊ ရော်နယ်ဒိုတို့ရဲ့ ပြီးခဲ့တဲ့နှစ်တွေက စံချိန်ကို လိုက်မီနိုင်တာဖြစ်ပါတယ်။ လက်ရှိမှာ ကိန်းဟာ ဘိုင်ယန်အတွက် ပြိုင်ပွဲစုံ ၁၈ ဂိုးနဲ့ အင်္ဂလန်အတွက် ၃ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ အင်္ဂလန်သားဟာ ၃၉ မိနစ်တိုင်းမှာ ၁ ဂိုးသွင်း ဒါမှမဟုတ် ၁ ဂိုးနှုန်းဖန်တီးပေးထားနိုင်ပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းက ကွန်ပနီလက်အောက်မှာ ပထမဆုံးဆုဖလားရယူနိုင်ခဲ့ပြီးနောက် အင်္ဂလန်အသင်းခေါင်းဆောင်က ဆုဖလားအောင်မြင်မှုတွေ ထပ်မံရယူချင်နေပါတယ်။ ကိန်းဟာ တင်ရှားဝုဒ်လက်အောက်မှာ စီနီယာအသင်းထံရောက်ရှိလာခဲ့တာဖြစ်ပြီး အဲ့နောက် ပိုချက်တီနိုလက်အောက်မှာ ဖိုင်နယ်ပွဲတော်တော်များများကို ကစားခဲ့တာဖြစ်ပါတယ်။
တော့တင်ဟမ်အနေနဲ့ ကိန်းစာချုပ်ထဲမှာ ပြန်လည်ခေါ်ယူခွင့်ပါရှိနေတာဖြစ်ပြီး လာမယ့် ၂၀၂၆ ဇန်နဝါရီမှာ အသက်သွင်းဖွယ်ရှိနေပါတယ်။ တော့တင်ဟမ်ဘက်က ခေါ်ယူချင်ပေမယ့် ကစားသမားက ဘိုင်ယန်မှာဆက်နေဖို့ဦးစားပေးဖွယ်ရှိနေပါတယ်။ အင်တာဗျူးတစ်ခုမှာ ကိန်းက “ကျွန်တော် ပြန်ဖို့ဆိုတာက မသေချာသေးပါဘူး။ ကျွန်တော် မြူးနစ်မှာ အရမ်းပျော်နေပါတယ်။ အဲ့အကြောင်း မတွေးဖြစ်ပါဘူး။ တော့တင်ဟမ်က ကျွန်တော့်ရင်ထဲမှာ အမြဲတမ်းရှိနေမှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော့်တစ်ဘဝလုံးကို အဲ့မှာကုန်ဆုံးခဲ့တာကြောင့်ပါ။
ပရိသတ်တွေကိုလည်းရင်ထဲမှာရှိသလို သူတို့ကိုလည်း အမြဲတမ်းကြည့်ဖြစ်ပါတယ်။ သေချာတာက တော့တင်ဟမ်ဟာ ကျွန်တော့်ဘဝထဲမှာ အစိတ်အပိုင်းတစ်ခုအနေနဲ့ရှိနေမှာပါ။ ဒါပေမယ့် ကျွန်တော်အခုတော့ ဒီမှာနေရတာကို နှစ်သက်နေပါတယ်။ ဒီနှစ်မှာလည်း ကျွန်တော် ဆုဖလားအောင်မြင်ချင်ပါတယ်။ အခုဆိုအသင်းမှာ အသင်းဖော်တွေအပြင် သူငယ်ချင်းတွေလည်း အများကြီးရနေပါပြီ။
ဘိုင်ယန်က ဥရောပမှာလူသိများတဲ့အသင်းဖြစ်သလို ချန်ပီယံလိဂ်အောင်မြင်မှုရနိုင်တဲ့ အကောင်းဆုံးအသင်းတွေထဲကတစ်သင်းပါ။ ကျွန်တော်ဒီမှာ ကျွန်တော့်အဆင့်ကို စမ်းသပ်ချင်ပါတယ်။ ဒီမှာရှိနေရတဲ့အရာတွေကိုလည်း ချစ်ပါတယ်။ အခုဘိုင်ယန်က ကျွန်တော့်ဒုတိယအိမ်လိုခံစားနေရပါပြီ။ အခိုက်အတန့်တိုင်းကို ကျွန်တော်နှစ်သက်ပါတယ်။ ဒီနှစ်မှာလည်း အသင်းက ဆုဖလားအောင်မြင်ဖို့ အခွင့်အရေးရှိနေပါတယ်။ ရာသီစတိုင်းမှာ ဘိုင်ယန်က ရေပန်းစားပါတယ်” လို့ ကိန်းက ဖြေကြားခဲ့ပါတယ်။ ဘိုင်ယန်ဟာ လာမယ့်စနေနေ့မှာ ဒေါ့မွန်အသင်းနဲ့ လိဂ်ပွဲကျပ်ကစားရမှာဖြစ်ပါတယ်။