The network connection is lost.

Banner Image

ဝုဖ်ဘတ်ရဲ့နည်းပြသစ်အဖြစ် တရားဝင်ခန့်အပ်ခံရတဲ့ ဒီတာဟက်ကင်း

ဝုဖ်ဘတ်ရဲ့အိမ်ကွင်းဖြစ်တဲ့ ဗော့ခ်ဝယ်ဂွန်ကွင်းဆီ အသက် ၆၁ နှစ်အရွယ်နည်းပြကြီးဒီတာဟက်ကင်း တစ်ကျော့ပြန်ရောက်ရှိလာပြီလို့ ဘွန်ဒက်စ်လီဂါကလပ်အသင်းမှ ဒီနေ့မှာပဲ အတည်ပြုကြေညာလိုက်ပါတယ်။

ဒီနေ့မနက်အစောပိုင်းမှာ အသင်းမှ ဒန်နီရယ်ဘောင်ဝါ ထွက်ခွာသွားပြီလို့ ကြေညာခဲ့ပြီးနောက် ဝုဖ်ဘတ်အသင်းက ဘွန်ဒက်လီဂါမှာ ဆက်လက်ရှင်သန်နိုင်ရေး(တန်းမဆင်းရရေး)အားထုတ်မှုတွေကို အရှိန်မြှင့်ဖို့အတွက် နည်းပြသစ်တစ်ဦး အလျင်အမြန်အစားထိုးခန့်အပ်ခဲ့ပါတယ်။

အစောပိုင်းမှာ Kicker နဲ့ Sky Germany တို့လို သတင်းဌာနတွေက ဝုဖ်ဘတ်အသင်းနဲ့ ဒီတာဟက်ကင်းတို့ သဘောတူညီမှုရရှိခဲ့ပြီလို့ ဖော်ပြခဲ့ကြပါတယ်။ အခုအခါမှာတော့ အဲဒီသတင်းတွေက တရားဝင်ဖြစ်လာခဲ့ပြီး အတွေ့အကြုံရင့် နည်းပြကြီးပြန်လည်ရောက်ရှိလာမှုကို ဝုဖ်ဘတ်က အတည်ပြုပေးခဲ့ပါတယ်။

လွန်ခဲ့တဲ့ဆယ်စုနှစ်ဝန်းကျင်လောက်က ဝုဖ်ဘတ်ကို ဟတ်ကင်း ပထမအကြိမ် စတင်ကိုင်တွယ်ခဲ့ပြီး သူ့လက်ထက်သုံးနှစ်တာကာလအတွင်း ၂၀၁၅ ခုနှစ်၊ ပိုကယ်လ်ဖလားဆွတ်ခူးနိုင်တဲ့အထိ အောင်မြင်မှု ရရှိခဲ့ပါတယ်။ အခုလို ရင်းနှီးပြီးသားပတ်ဝန်းကျင်ဆီ ပြန်လာခွင့်ရရှိလို့ နည်းပြသစ်ကိုယ်တိုင်လည်း စိတ်လှုပ်ရှားနေပြီး အခုလိုပြောကြားခဲ့ပါတယ်။

“ဝုဖ်ဘတ်အသင်းဆီ တစ်ကျော့ပြန်ရောက်ရှိလာရမှုက ကျွန်တော့်အတွက် အဓိပ္ပာယ်အများကြီးရှိပါတယ်။ ဒီကလပ်အသင်းမှာ အမှတ်တရကောင်းတွေနဲ့အတူ အောင်မြင်တဲ့အချိန်တွေကို ဖြတ်သန်းခဲ့ဖူးသလို ဒီကလပ်အသင်းမှာ ဘယ်လိုအရည်အသွေးနဲ့ အားအင်တွေ ရှိတယ်ဆိုတာကိုလည်း သိပါတယ်။ အခုချိန်မှာတော့ ရှေ့ဆက်ရမယ့်တာဝန်တွေအပေါ် အပြည့်အဝအာရုံစိုက်ပြီး ဘွန်ဒက်လီဂါမှာဆက်ရှိနေနိုင်အောင် အားလုံးစုပေါင်းကြိုးစားသွားဖို့က အရေးကြီးပါတယ်”လို့ ဟတ်ကင်းက ပြောပါတယ်။

ဝုဖ်ဘတ်အားကစားဒါရိုက်တာပီယာမင်ရွှန်ဂလာကလည်း အခုလို ခက်ခဲနေတဲ့ အခြေအနေမှ လွတ်မြောက်လာအောင် ဟက်ကင်း ဦးဆောင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

“ဟက်ကင်းက အခုလိုအခြေအနေမျိုးမှာ ကျွန်တော်တို့အတွက် လိုအပ်နေတဲ့ အတွေ့အကြုံတွေကို အတိအကျယူဆောင်လာပေးပါလိမ့်မယ်။ သူက ကလပ်အသင်းနဲ့ ပတ်ဝန်းကျင်အကြောင်း၊ ဘွန်ဒက်လီဂါရဲ့လိုအပ်ချက်တွေအကြောင်း ကောင်းကောင်းကြီး သိထားပါတယ်။ သူ့ရဲ့တည်ငြိမ်မှု၊ ကျွမ်းကျင်မှုနဲ့ ရှင်းလင်းတဲ့အမြင်တွေက အသင်းကို လိုအပ်တဲ့တည်ငြိမ်မှုရစေပြီး ကျွန်တော်တို့ရဲ့ဘုံရည်မှန်းချက်ဖြစ်တဲ့ တန်းမဆင်းရရေးကို အောင်မြင်အောင် လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့ ဆိုပါတယ်။

ဟက်ကင်းရဲ့တစ်ကျော့ပြန်ပထမဆုံးပွဲစဉ်ကတော့ လာမယ့်စနေနေ့၊ ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားတတိယနေရာရှိ ဟော်ဖန်ဟိမ်းရဲ့အိမ်ကွင်းဆီ သွားရောက်ယှဉ်ပြိုင်ကစားရမယ့် ခရီးစဉ် ဖြစ်ပါတယ်။ လက်ရှိမှာ ဝုဖ်ဘတ်က ရမှတ် ၂၀ ဖြင့် ဘွန်ဒက်လီဂါအမှတ်ပေးဇယားအဆင့်-၁၇ နေရာဆီ ရောက်ရှိနေပြီး အဆင့်-၁၅ နေရာရှိ စိန့်ပေါ်လီနဲ့ သုံးမှတ်ကွာဟနေပါတယ်။