နူအာနဲ့ ဟယ်ရီကိန်းတို့ရဲ့အနာဂတ်အကြောင်း ဆွေးနွေးပြောပြလာတဲ့ ဘိုင်ယန်မြူးနစ်အကြီးအကဲ
ဘိုင်ယန်မြူးနစ်အသင်းအမှုဆောင်အရာရှိချုပ်ဂျန်-ခရစ်ရှန်ဒရီဆင်က ဝါရင့်ကစားသမားနှစ်ဦးဖြစ်တဲ့ နူအာနဲ့ ဟယ်ရီကိန်းတို့ရဲ့ အနာဂတ်နဲ့ပတ်သက်လို့ ဆွေးနွေးပြောကြားသွားခဲ့ပါတယ်။
နူအာရဲ့အနာဂတ်နဲ့ပတ်သက်လို့ စာချုပ်သစ်အတွက် ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ ဒရီဆင်က အတည်ပြုခဲ့ပါတယ်။
၎င်းက "နော်ယာက ဒီကလပ်အသင်းရဲ့ဂန္ထဝင်တစ်ဦးပါ။ ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင်က လာမယ့် မတ်လအတွင်း အသက်-၄၀ နှစ်ပြည့်မြောက်ပါလိမ့်မယ်။ သူနဲ့စကားပြောဖြစ်မယ်ဆိုတာ သေချာပါတယ်။ လာမယ့်နှစ်ရဲ့ ဒုတိယသုံးလပတ်ကာလရောက်ရှိချိန် သူ့ရဲ့ အနာဂတ်အကြောင်းကို အေးအေးဆေးဆေး ဆွေးနွေးသွားဖို့လည်း ကျွန်တော်တို့ သဘောတူထားပြီးပါပြီ" လို့ ပြောပါတယ်။
"နူအာက လတ်တလောမှာလည်း ယုံကြည်နိုင်လောက်စရာပုံစံမျိုးနဲ့ ထူးထူးခြားခြားလက်စွမ်းပြသနေဆဲ ဖြစ်ပါတယ်။ သူက ကမ္ဘာ့အကောင်းဆုံးဂိုးသမားစာရင်းဝင်အဖြစ် ရှိနေဆဲဆိုတာတော့ သံသယဖြစ်စရာ မလိုပါဘူး" လို့လည်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။
ဟယ်ရီကိန်းရဲ့အခြေအနေနဲ့ပတ်သက်လို့လည်း ဒရီဆင်က"ရာသီဝက်ကာလအတွင်းမှာ ဟာရီကိန်းရဲ့ အခြေအနေကို အေးအေးဆေးဆေး သုံးသပ်သွားပါမယ်။ ပုံမှန်အတိုင်းဆိုရင်တော့ နောက်ရာသီသစ်မစတင်ခင်အချိန်ပေါ့" လို့ ဆိုပါတယ်။
လက်ရှိမှာ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတဲ့ ဟာရီကိန်းနဲ့လက်တွဲမှုကို ထပ်တိုးသွားနိုင်မယ့် အခြေအနေအပေါ်မှာလည်း ၎င်းက အကောင်းမြင်နေပြီး "အရာအားလုံးက ဟယ်ရီကိန်းကိုယ်တိုင် ဒီကလပ်အသင်းမှာ အရမ်းပျော်နေတယ်ဆိုတာကို ပြသနေပါတယ်။ သူနဲ့ပတ်သက်လို့လည်း ကျွန်တော်တို့ အလွန်ပဲ ကျေနပ်မိပါတယ်" လို့ ပြောကြားသွားခဲ့ပါတယ်။