The network connection is lost.

Banner Image

လီဗာပူးကနေ ဘယ်လိုထွက်ခွာလာခဲ့လဲဆိုတာကို ပြောကြားလိုက်တဲ့ ချန်ဘာလိန်

ပရီးမီးယားလိဂ်ကြယ်ပွင့်ဟောင်း အဲလက်စ် အိုဇီလေ-ချန်ဘာလိန်ဟာ လီဗာပူးကနေ စိတ်ပျက်ဖွယ် ထွက်ခွာခဲ့ရတဲ့အကြောင်းကို ဖွင့်ဟပြောကြားခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာ အာဆင်နယ်ကနေ လီဗာပူးအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ အိုဇီလေ-ချန်ဘာလိန်ဟာ လီဗာပူးအတွက် ၁၄၆ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၈ ဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲဒီအချိန်က လီဗာပူးနည်းပြ ယော်ဂန် ကလော့ပ်နဲ့ ဆက်ဆံရေးကောင်း ရှိခဲ့ကြောင်း ဝန်ခံခဲ့ပေမဲ့ သူ့ရဲ့ထွက်ခွာမှုနဲ့ ပတ်သက်ပြီး အသင်းရဲ့ ဆက်သွယ်မှုအားနည်းခဲ့တာကိုတော့ ဝေဖန်ခဲ့ပါတယ်။

အိုဇီလေ-ချန်ဘာလိန်ဟာ အန်ဖီးလ်မှာရှိခဲ့တဲ့ ကာလအတွင်းမှာ ၂၀၁၉ ခုနှစ် ချန်ပီယံလိဂ်ဖလားနဲ့ ၂၀၂၀ ခုနှစ် ပရီးမီးယားလိဂ်ဖလားအပါအဝင် ဖလား ၅ လုံး ရရှိခဲ့ပါတယ်။ သူဟာ ၂၀၁၉-၂၀ ရာသီမှာ အကောင်းဆုံးခြေစွမ်းတွေ ပြသနိုင်ခဲ့ပြီး ၄၃ ပွဲ ပါဝင်ကစားခဲ့ကာ ၈ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့လီဗာပူးကစားသမားဘဝမှာ ဒဏ်ရာပြဿနာတွေနဲ့ အမြဲတမ်း ရင်ဆိုင်ခဲ့ရပြီး အခုတော့ အသက် ၃၂ နှစ်အရွယ် ကစားသမားက သူ့ကို အသင်းကနေ ထွက်ခွာမယ်လို့ လူသိရှင်ကြား မကြေညာခင် သုံးရက်အလိုမှာမှ အသိပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ၂၀၂၂-၂၃ ရာသီရဲ့ နောက်ဆုံးအိမ်ကွင်းပွဲစဉ်မှာတော့ ဂျိမ်းစ် မီလ်နာ၊ ရော်ဘာတို ဖာမီနိုနဲ့ နာဘီ ကီတာတို့နဲ့အတူ အန်ဖီးလ်မှာ နှုတ်ဆက်ပွဲပြုလုပ်ခဲ့ပြီး အဲဒီနွေရာသီအကြာမှာ ဘက်ဆီးတပ်စ်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ်စေချင်ပုံရပါတယ်။

The Athletic နဲ့ အင်တာဗျူးမှာ အိုဇီလေ-ချန်ဘာလိန်က အခုလို ပြောကြားခဲ့ပါတယ်။

"ဘာတစ်ခုမှ မပြောခဲ့ပါဘူး၊ ကျွန်တော် အခြေအနေကို နားလည်ပါတယ်၊ သူတို့က ကြေညာချက်မထုတ်ပြန်ခင် ကျွန်တော့်ကို ပြောပါတယ် 'မင်းရယ်၊ မီလ်နာ၊ ဘော်ဘီနဲ့ နာဘီတို့ ထွက်ခွာမယ့်အကြောင်း ဒီသတင်းကို ထုတ်ပြန်တော့မယ်' လို့ ပြောပါတယ်၊ 'အော်၊ ဟုတ်ကဲ့၊ ကျေးဇူးပါ' လို့ ကျွန်တော်ပြောလိုက်ပါတယ်၊ ဒါပေမဲ့ အဲဒီမတိုင်ခင်တော့ တရားဝင် ဘာတစ်ခုမှ မပြောခဲ့ပါဘူး။ တိတ်ဆိတ်နေတာကတင်ပဲ အခြေအနေကို သိဖို့ လုံလောက်နေပါပြီ"

"ကျွန်တော်ဟာ ကျွန်တော့်ပတ်ဝန်းကျင်က လူတိုင်းအတွက် အကောင်းဆုံးလူတစ်ယောက် ဖြစ်ချင်ပါတယ် ကစားဖော်တွေ၊ ဝန်ထမ်းတွေနဲ့အတူ ကောင်းမွန်တဲ့လူတစ်ယောက် ဖြစ်ချင်ပါတယ်။ အကောင်းပဲဖြစ်ဖြစ် အဆိုးပဲဖြစ်ဖြစ် ဘာဖြစ်ဖြစ်ပေါ့ အဲဒါတွေ အကုန်ပြောပြဖို့ မျှော်လင့်ထားပါတယ်။ အဲဒါက ဘောလုံးလောကမှာ ဖြစ်နေကြပါ။ ဆက်သွယ်မှု အားနည်းတာက နည်းနည်း အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်"

"ကျွန်တော်နဲ့ ကလော့ပ်ဟာ ဆက်ဆံရေးကောင်း ရှိခဲ့ပါတယ်။ ဘယ်တုန်းကမှ ရန်ဖြစ်တာ၊ အဲဒီလိုမျိုး ဘာတစ်ခုမှ မရှိခဲ့ပါဘူး။ မန်နေဂျာတစ်ယောက်အနေနဲ့ ကစားသမားတိုင်းရဲ့ လိုအပ်ချက်ကို လမ်းညွှန်ဖို့ မလွယ်ကူဘူးဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ကစားနေတုန်းကတော့ အရန်ခုံတန်းမှာတောင် မရှိတဲ့အချိန်ထက်စာရင် သူ့ကို အများကြီး ပိုပြီး ပျော်ရွှင်ခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်းရဲ့ တူရကီမှာရှိတဲ့ ကာလဟာလည်း စီစဉ်ထားသလို ဖြစ်မလာခဲ့ပါဘူး။ သူဟာ နည်းပြဟောင်း ဂျီယိုဗန်နီ ဗန် ဘရွန်ဟော့စ် (အခု လီဗာပူးနည်းပြ အာနေး စလော့တ်ရဲ့ လက်ထောက်) လက်ထက်မှာ အသင်းကနေ ဖယ်ထုတ်ခံခဲ့ရပါတယ်။ နည်းပြ အိုလီ ဂန်နာ ဆိုးလ်ရှားရဲ့လက်အောက်မှာတော့ ပွဲကစားခွင့်တွေ ပိုမိုရရှိခဲ့ပါတယ်။ 

အဲဒီနောက် ပြီးခဲ့တဲ့ ဇူလိုင်လမှာတော့ ဘက်ဆီးတပ်စ်နဲ့ စာချုပ်ကို အဆုံးသတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဆောက်သမ်တန်ရဲ့ လူငယ်ကြယ်ပွင့်ဟောင်းဟာ ပရီးမီးယားလိဂ်ကို ပြန်လာဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ လိဒ်စ်ယူနိုက်တက်အသင်းက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေသလို ချန်ပီယံရှစ်က ဘာမင်ဂမ်စီးတီးအသင်းကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ယုံကြည်ရပါတယ်။ အခုတော့ သူ့ရဲ့ကလပ်အသင်းသစ် ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။