
ဥရောပအသင်းတွေက စိတ်ဝင်စားနေတဲ့ နောက်ခံလူကို ဇန်နဝါရီမှာရောင်းထုတ်မယ့် ပဲလေ့စ်
သတင်းတွေအရ ပဲလေ့စ်အသင်းဟာ နောက်ခံလူ ဂူဟီကို အခုဇန်နဝါရီမှာပဲ ရောင်းထုတ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
အင်္ဂလန်သားကို လီဗာပူးအပါအဝင် ဘာစီလိုနာ ၊ ဘိုင်ယန် နဲ့ ရီးရဲလ်တို့က စိတ်ဝင်စားနေကြပါတယ်။ နွေရာသီတုန်းက ဂူဟီတစ်ယောက် လီဗာပူးအသင်းထံပြောင်းရွှေ့ဖို့ တော်တော်လေးနီးစပ်ခဲ့ပေမယ့် အစားထိုးမယ့်သူအချိန်မီရှာမရခဲ့တာကြောင့် ပဲလေ့စ်ဘက်က မရောင်းထုတ်ခဲ့တာဖြစ်ပါတယ်။
The I Paper သတင်းဌာနရဲ့အဆိုအရ ပဲလေ့စ်အသင်းဟာ အခုဆောင်းဈေးကွက်မှာတင် ငွေကြေးတစ်ရပ်ရှာဖွေနိုင်ဖို့ ဂူဟီကိုရောင်းထုတ်ဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။
လာမယ့်နွေရာသီမှာ အလွတ်နဲ့ထွက်ခွာနိုင်ချေများနေတာကြောင့် ပဲလေ့စ်ဘက်က ငွေကြေးတစ်ရပ်ရရှိနိုင်မယ့် ဆောင်းဈေးကွက်မှာတင် ရောင်းချဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။
ပဲလေ့စ်ဟာ အခုရာသီဂလက်စ်နာလက်အောက်မှာ အဲဗာတန်တစ်သင်းတည်းကိုသာ အရေးနိမ့်ထားခဲ့ပြီး ပြိုင်ပွဲစုံ ၁၈ ပွဲဆက် ရှုံးပွဲမရှိစံချိန်ရပ်တန့်ခဲ့ကာ အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။
ဂလက်စ်နာလက်အောက်မှာ ပဲလေ့စ်ဟာ အက်ဖ်အေဖလား နဲ့ ကွန်မြူနတီဖလားတွေရယူထားနိုင်ခဲ့ပြီး ကွန်းဖရန့်လိဂ်မှာလည်း ဒိုင်နမိုကိဗ်အသင်းကို အနိုင်ရရှိထားခဲ့ပါတယ်။
ဂူဟီကိုရောင်းချမှာဖြစ်တာကြောင့် လီဗာပူးအတွက်တော့ သတင်းဆိုးဖြစ်လာခဲ့ပြီး အခြားတစ်ဖက်မှာ ဘာစီလိုနာ ၊ ရီးရဲလ် နဲ့ ဘိုင်ယန်တို့က စိတ်ဝင်စားနေပါတယ်။
ဒါ့အပြင် အသင်းဟောင်း ချဲလ်ဆီးကလည်း ချိတ်ဆက်မှုတွေရှိနေပြီး ပဲလေ့စ်ဘက်က ထက်ဝက်ကြေးနဲ့ရောင်းချဖို့ အစီအစဉ်မရှိတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂူဟီအနေနဲ့ ဇန်နဝါရီမှာ အလွတ်နဲ့ထွက်ခွာဖို့အတွက် ဆွေးနွေးနိုင်ချေလည်းရှိနေပါတယ်။ တကယ်လို့ လီဗာပူးဘက်က ဂူဟီကိုလက်လွှတ်ခဲ့ရမယ်ဆိုရင် ဒေါ့မွန်နောက်ခံလူ နီကိုအားအစားထိုးခေါ်ယူဖွယ်ရှိနေပါတယ်။
လီဗာပူးဟာ အသက် ၂၅ နှစ်သားကို ဗန်ဒိုက်နေရာအတွက် ရေရှည်အစားထိုးဖို့ ပစ်မှတ်ထားနေပါတယ်။ ဒါ့အပြင် ကိုနာတေးစာချုပ်ကလည်း ရာသီအကုန်မှာကုန်ဆုံးမှာဖြစ်တာကြောင့် နောက်ခံလူတစ်ဦးထပ်မံခေါ်ယူရဖွယ်ရှိနေပါတယ်။
နွေရာသီတုန်းက ခေါ်ယူထားတဲ့လူငယ်နောက်ခံလူ လီအိုနီကလည်း ဆောက်သမ်တန်နဲ့ပွဲမှာရရှိခဲ့တဲ့ အရွတ်ကြောဒဏ်ရာကြောင့် ၁ နှစ်လောက်နားရတော့မှာဖြစ်ပါတယ်။ စနေနေ့ဘုန်းမောက်နဲ့ပွဲမတိုင်ခင် ဂလက်စ်နာက ဂူဟီအနေနဲ့ အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုတော့မှာမဟုတ်ဘူးလို့ အတည်ပြုခဲ့ပါတယ်။
“ကျွန်တော် မာ့ခ်နဲ့ စကားပြောပြီးပါပြီ။ သူစာချုပ်သစ်ချုပ်ဆိုတော့မှာမဟုတ်ပါဘူး။ ဒါကြောင့် လာမယ့်နှစ်မှာ သူအသင်းကနေထွက်ခွာတော့မှာပါ။ အသင်းဘက်က သူ့ကိုဆက်နေစေချင်ပါတယ်။ သူတို့ မာ့ခ်ကို စာချုပ်သစ်ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် သူ့ဘက်က စိန်ခေါ်မှုအသစ်ကိုပဲလိုချင်ခဲ့တာပါ။ ကျွန်တော်တို့အတွက်တော့ ရွေးချယ်စရာမရှိခဲ့သလို အခြားအစားထိုးမယ့်သူရှာဖွေရတော့မှာပါ”လို့ ဂလက်စ်နာက ပြောကြားခဲ့ပါတယ်။