The network connection is lost.

Banner Image

ဟာလန်းအပေါ် မှီခိုအားထားလွန်းတယ်ဆိုပြီး သူ့ရဲ့အသင်းအကြောင်းကို ရှင်းပြလာတဲ့ ပက်ဂွါဒီယိုလာ

မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက အဲဗာတန်ကို ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ အနိုင်ဂိုးတွေသွင်းယူပေးခဲ့တဲ့ ဟာလန်းအပေါ် သူ့ရဲ့အသင်း မှီခိုအားထားလွန်းတယ်လို့ ပြောကြားခဲ့ပါတယ်။

နော်ဝေသားက အခုဘောလုံးရာသီ၊ ကလပ်နဲ့ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် စုစုပေါင်း ၁၃ ပွဲပါဝင်ကစားထားရမှာ ၂၃ ဂိုးအထိ သွင်းယူထားပါတယ်။  ဒါပေမဲ့ ပက်ဂွါဒီယိုလာကတော့ တိုက်စစ်မှူးအပေါ် မှီခိုအားထားလွန်းနေတဲ့ သူ့ရဲ့အသင်းနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်နေပါတယ်။ ပက်ဂွါဒီယိုလာက “ အမှန်တကယ်ကျေနပ်စရာကောင်းခဲ့ပါတယ်။ ဒါပေမဲ့ ဟာလန်းတစ်ဦးတည်းအပေါ် မှီခိုအားထားနေလို့ မရပါဘူး။ ကျွန်တော်တို့အတွက် အခြားကစားသမားတွေ လိုအပ်ပါတယ်။ 

တောင်ပံကစားသမားတွေ၊ ကွင်းလယ်တိုက်စစ်ကစားသမားတွေပေါ့။ သူတို့တွေလည်း ခြေတစ်လှမ်းရှေ့တိုးပြီး ဂိုးတွေ သွင်းယူနိုင်သင့်တယ်”လို့ ပြောပါတယ်။ ဟာလန်းက အခုရာသီ၊ မန်စီးတီးရဲ့ပရီးမီးယားလိဂ်သွင်းဂိုး ၁၇ ဂိုးအနက် ၁၁ ဂိုးကို သွင်းယူပေးထားပါတယ်။ ပက်ဂွါဒီယိုလာက “ ဟာလန်းဆီ ဘောလုံးပေးပို့ဖို့နဲ့ သူ့ရဲ့အရည်အသွေးကို အသုံးချဖို့ပဲ ကျွန်တော်တို့ ကစားနေပါတယ်။ ဒါပေမဲ့ အခြားကစားသမားတွေလည်း ခြေတစ်လှမ်းရှေ့တိုးရပါမယ်။ 

ကောင်းမွန်တဲ့ အခွင့်အလမ်းတွေရှိသလို သူတို့လည်း ဂိုးသွင်းယူဖို့ လိုအပ်ပါတယ်။ ဒီလိုအဆင့်အတန်းမျိုးမှာတော့ သူတို့ကိုယ်သူတို့ တောင်းဆိုမှုရှိနေဖို့ လိုအပ်ပါတယ်။ ဆာဗင်ဟို၊ ရိန်ဒါစ်နဲ့ ဒိုကူတို့လည်း ဂိုးတွေ သွင်းယူရပါမယ်။ ဒီလိုမှမဟုတ်ရင်တော့ ကျွန်တော်တို့လုပ်ချင်နေတဲ့အရာကို မလုပ်နိုင်ပါဘူး”လို့ ပြောပါတယ်။

မန်စီးတီးက ယမန်နှစ်ဘောလုံးရာသီကို လီဗာပူး၊ အာဆင်နယ်တို့ရဲ့နောက်၊ အမှတ်ပေးဇယားတတိယနေရာနဲ့ ပိတ်သိမ်းခဲ့ပါတယ်။ ဒါက သူတို့ရဲ့စံချိန်တင်လေးရာသီဆက်ပရီးမီးယားလိဂ်ချန်ပီယံဆုဆွတ်ခူးနိုင်မှုကို ဖလားလက်မဲ့ဘောလုံးရာသီတစ်ခုနဲ့ အဆုံးသတ်သွားစေခဲ့ပါတယ်။
အခုရာသီ၊ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်သုံးခုမှာ နှစ်ကြိမ်ရှုံးနိမ့်ပြီးနောက် ပက်ဂွါဒီယိုလာရဲ့အသင်းက ပြိုင်ပွဲစုံ ရှစ်ပွဲဆက်ရှုံးပွဲမရှိဖြတ်သန်းနေပြီး ဟာလန်းရဲ့ပုံစံကောင်းတွေကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို နောက်တစ်ကြိမ်စိန်ခေါ်လာနိုင်ဖွယ် ရှိပါတယ်။

ပက်ဂွါဒီယိုလာက “ ဒီလိုအရာတွေအတွက်သာ ဟာလန်းကိုယ်တိုင်လည်း ရှင်သန်နေခဲ့တာပါ။ အခုအချိန်မှာ ကျွန်တော်တို့ရဲ့ဘောလုံးပေးပို့ပုံတွေ ပိုကောင်းလာခဲ့ပြီး ဟာလန်းလည်း အဓိကကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်”လို့ ထပ်လောင်းပြောကြားပါတယ်။