The network connection is lost.

Banner Image

အာမိုရင်ရဲ့အနာဂတ်ကို လာမယ့်ပွဲစဉ် ၃ ပွဲအပြီးမှာ အဆုံးအဖြတ်ပေးသွားမယ့် ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့နည်းပြ ရူဘင်အာမိုရင်က ရာထူးမှာဆက်လက်ထားရှိဖို့ သို့မဟုတ် ရာထူးမှထုတ်ပယ်ဖို့ လာမယ့်ပွဲစဉ် ၃ ပွဲရဲ့ရလဒ်တွေအပေါ်မူတည်ပြီး အဆုံးအဖြတ်ပေးသွားမယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ 

ယခု ၂၀၂၅-၂၆ ဘောလုံးရာသီမှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲကစားပြီး ၄ မှတ်သာရရှိထားတာကြောင့် နှစ်ပေါင်း ၃၃ နှစ်အတွင်း အဆိုးဝါးဆုံးသော ရာသီစတင်မှုနဲ့ကြုံတွေ့ခဲ့ရပြီး အာမိုရင်ရဲ့ နည်းပြရာထူးကလည်း ဖိအားတွေများလာခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီသားဟာ လွန်ခဲ့တဲ့ ၁၀ လကမှ ယူနိုက်တက်ကို စတင်ကိုင်တွယ်ခဲ့တယ်ဆိုပေမယ့် ယခုအခါမှာတော့ ရာထူးကနေ ထုတ်ပယ်ခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

The Mirror သတင်းဌာနရဲ့အဆိုအရ ယူနိုက်တက်ဟာ အာမိုရင်ကို ထောက်ခံနေဆဲဖြစ်ပေမယ့် လာမယ့်ပွဲစဉ် ၃ ပွဲအတွင်း အသင်းရဲ့စွမ်းဆောင်ရည်နဲ့ရလဒ်တွေကိုကြည့်ပြီး ပေါ်တူဂီသားနည်းပြရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ရာသီမှာလည်း ယူနိုက်တက်ဟာ နည်းပြဟောင်း အဲရစ်တန်ဟက်ရဲ့အနာဂတ်ကို အခုလိုပုံစံအတိုင်းပဲ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ်အောက်တိုဘာလမှာ နယ်သာလန်သားကိုရာထူးမှဖယ်ရှားခဲ့ပါတယ်။ 

လက်ရှိအချိန်မှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ၄ ပွဲကစားပြီးချိန်မှာ နိုင်ပွဲ ၁ ပွဲသာရထားပြီး ၂ ပွဲအထိရှုံးထားတာကြောင့် အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။ အာမိုရင်ဟာ ယူနိုက်တက်ကိုကိုင်တွယ်ခဲ့တဲ့ ပရီးမီးယားလိဂ် ၃၁ ပွဲမှာ နိုင်ပွဲ ၈ ပွဲသာရရှိအောင်စွမ်းဆောင်နိုင်ခဲ့တာကြောင့် လက်ရှိအသင်းရဲ့ကစားသမားအချို့ကလည်း သူ့ရဲ့နည်းဗျူဟာတွေအပေါ် ယုံကြည်မှုကင်းမဲ့နေကြပြီလို့ သတင်းတွေထွက်ပေါ်ထားပါတယ်။

အာမိုရင် အိုးလ်ထရက်ဖို့ဒ်သို့ရောက်ရှိလာတဲ့အချိန်ကာလက ၁ နှစ်တောင်မပြည့်သေးတာကြောင့် ယူနိုက်တက်အနေနဲ့ လောလောဆယ် ထုတ်ပယ်ဖို့ဆုံးဖြတ်လိုက်ပါက လျော်ကြေးငွေအမြောက်အမြားပေးဆောင်သွားရနိုင်ပါတယ်။ လာမယ့် ရက်သတ္တပတ်တွေအတွင်း ယူနိုက်တက်ဟာ ချဲလ်ဆီး၊ ဘရန့်ဖို့ဒ်၊ ဆန်းဒါးလန်းတို့နဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်တွေအပြီးမှာ ပေါ်တူဂီသားကို အိုးလ်ထရက်ဖို့ဒ်မှာ ဆက်လက်မြင်တွေ့သွားရမလား စောင့်ကြည့်ရပါမယ်။