The network connection is lost.

Banner Image

အသင်းဖော် ဗာဂါပြင်းပြင်းထန်ထန်ဒဏ်ရာ ရပြီးနောက် စည်းမျဉ်းအချို့ကို အပြောင်းအလဲလုပ်ဖို့ ပြောကြားလာတဲ့ ဆိုဘိုဆလိုင်း

ဟန်ဂေရီ အသင်းခေါင်းဆောင် ဒိုမီနစ်ဆိုဘိုဆလိုင်းက ယနေ့နံနက်က စကော့တလန်ကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသင်းဖော်တိုက်စစ်မှူး ဘာနာဘက်စ်ဗာဂါ ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့ပြီးနောက် ပြိုင်ပွဲရဲ့စည်းမျဉ်းအချို့ကို အပြောင်းအလဲပြုလုပ်ဖို့ ပြောကြားလာခဲ့ပါတယ်။

ပွဲကစားချိန် ၆၈ မိနစ်မှာ ဗာဂါဟာ စကော့တလန်ဂိုးသမားနဲ့ ဝင်တိုက်မိခဲ့တာကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့ပြီး ကွင်းထဲကနေထုတ်ကာ ဆေးရုံတင်လိုက်ရတဲ့အထိ အခြေအနေဆိုးဝါးခဲ့ပါတယ်။ ဖရီးကစ်ကန်ချက်ကို ခေါင်းတိုက်သွင်းယူဖို့ကြိုးစားခဲ့တဲ့ ဗာဂါဟာ ဘောလုံးကို ပုတ်ထုတ်ဖို့ကြိုးစားခဲ့တဲ့ စကော့တလန်ဂိုးသမား အန်းဂက်စ်ဂန်းနဲ့ ဝင်တိုက်မိခဲ့တာဖြစ်ပြီး ကွင်းထဲမှာလဲကျခဲ့တာကြောင့် အသင်းဖော် ဟန်ဂေရီကစားသမားတွေက ဆေးကုသမှုခံယူဖို့ ချက်ချင်းတောင်းဆိုခဲ့ကြပါတယ်။

တိုက်စစ်မှူးကို ကွင်းထဲကနေ သယ်ထုတ်ရာမှာ အချိန်အတော်ကြာခဲ့ပြီး ပွဲကိုခေတ္တရပ်နားထားခဲ့ရတာလည်းဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဟန်ဂေရီဘောလုံးအဖွဲ့ချုပ်က ဗာဂါရဲ့အခြေအနေဟာ တည်ငြိမ်နေပြီး ဆေးရုံမှာဆေးကုသမှုခံယူနေကြောင်း ထုတ်ပြန်လာခဲ့ပါတယ်။

ဆိုရှယ်မီဒီယာမှတစ်ဆင့် ဟန်ဂေရီဘောလုံးအဖွဲ့ချုပ်က “ဘာနာဘက်စ်ဗာဂါရဲ့အခြေအနေက တည်ငြိမ်နေပါပြီ။ လောလောဆယ်တော့သူက စတုဂတ်မြို့က ဆေးရုံတစ်ရုံမှာ ဆေးကုသမှုခံယူနေပါတယ်။ တစ်စုံတစ်ရာထူးခြားမှုဖြစ်လာရင်လည်း ချက်ချင်းပဲအားလုံးကိုသတိပေးသွားပါမယ်” လို့ထုတ်ပြန်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ဟန်ဂေရီမန်နေဂျာ မာကိုရော့စီက “ပထမတုန်းက ဘာဖြစ်မှန်းမသိလိုက်ပါဘူး။ ကစားသမားတွေက ဆရာဝန်ကိုအတင်းခေါ်နေကြပြီး တစ်ခုခုကိုစိုးရိမ်နေကြပုံပေါက်လို့ ကျွန်တော်လည်း စိတ်ပူခဲ့ပါတယ်။ ဒါပေမယ့် ဗာဂါကို ကွင်းထဲကနေသယ်ထုတ်လာတော့ သူသတိရနေပြီထင်ပါတယ်။ အဆင်လည်းပြေတဲ့ပုံပါ။ ဒါကြောင့် တော်ပါသေးတယ်။ ပြီးတော့ ဒီကောင်လေးက မာပါတယ်။ ကျွန်တော်တို့အနေနဲ့ လက်ရှိအမှတ်အရ ယူရိုမှာဆက်လက်ရှင်သန်နိုင်ခဲ့ရင်တောင် သူကတော့ ပါဝင်ကစားနိုင်တော့မှာမဟုတ်ပါဘူး။ ဒါပေမယ့် အရေးကြီးဆုံးကတော့ သူ့ရဲ့ကျန်းမာရေးပါပဲ။ ကံကောင်းထောက်မစွာပဲ သူ့ရဲ့ဒဏ်ရာက အရမ်းကြီးမပြင်းထန်ပါဘူး။ အရိုးကျိုးသွားတဲ့အတွက် ခွဲစိတ်ကုသမှုတော့ ခံယူဖို့လိုပါလိမ့်မယ်” လို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လီဗာပူးကြယ်ပွင့် ဆိုဘိုဆလိုင်းကလည်း ပွဲအပြီးမှာ သူ့ရဲ့အသင်းဖော်ကစားသမားရဲ့ အခြေအနေက အဆင်ပြေကြောင်း အသိပေးခဲ့ပါတယ်။ သို့သော်လည်း ကစားသမားဟာ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေအနေနဲ့ ကွင်းလယ်ဒိုင်ရဲ့ ခွင့်ပြုချက်မရဘဲ ကွင်းထဲဝင်ခွင့်မရှိဆိုတဲ့ စည်ကမ်းချက်ကိုတော့ စိတ်ပျက်မိကြောင်း ပြောကြားခဲ့ပါတယ်။

ကွင်းလယ်လူက “သူအခုအဆင်ပြေပါတယ်။ ဆေးရုံမှာပါ။ မျက်နှာနဲ့ နှာခေါင်းကို ခွဲစိတ်ကုသမှုခံယူဖို့တော့လိုမယ်ထင်ပါတယ်။ မနက်ဖြန်ပဲခွဲရမှာပါ။ တော်တော်ဆိုးဆိုးဝါးဝါးဖြစ်ခဲ့ပြီး သူလည်း တော်တော်ခံစားလိုက်ရမှာပါ။ ဒီလိုမျိုး ဘယ်သူမှထပ်မဖြစ်ပါစေနဲ့လို့ ဆုတောင်းပါတယ်။ သူ့ဆီကို ပထမဆုံးရောက်သွားတာက ကျွန်တော်ပါ။ ဒါကြောင့် အခြေအနေဘယ်လောက်ဆိုးလဲ ချက်ချင်းသိခဲ့ပြီး ဆေးအဖွဲ့ကို ခေါ်ဖို့ကြိုးစားခဲ့ပါတယ်။ စည်းမျဉ်းစည်းကမ်းတွေက ဘယ်လိုတွေလဲတော့ ကျွန်တော်လည်း အတိအကျမသိပါဘူး။ ဒါပေမယ့် ဆေးအဖွဲ့အနေနဲ့ ကွင်းထဲမှာ တစ်ယောက်ယောက်ထိခိုက်ပြီဆိုရင် အကူအညီပေးဖို့ ချက်ချင်းရောက်လာရမှာပါ။ ဒါက ကျွန်တော့်ဆုံးဖြတ်ချက် မဟုတ်ပေမယ့် တစ်ယောက်ယောက်က ကွင်းထဲမှာလဲကျပြီး ဒုက္ခဖြစ်နေပြီဆိုရင် ဆေးအဖွဲ့အနေနဲ့ ဒိုင်လူကြီးကခွင့်မပြုရင်တောင် ကွင်းထဲကို ဝင်လာသင့်ပါတယ်။ စက္ကန့်ပိုင်းအချိန်လေးက ကစားသမားအတွက် အများကြီးအကူအညီဖြစ်စေနိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ယခုပွဲစဉ်မှာ အနိုင်ရခဲ့တာကြောင့် ဟန်ဂေရီဟာ အုပ်စုရဲ့တတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး အကောင်းဆုံး တတိယအသင်း အနေနဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ မျှော်လင့်ချက်ကျန်ရှိနေပါသေးတယ်။ တစ်ဖက်မှာတော့ စကော့တလန်က ပြိုင်ပွဲကနေ လက်ပြနှုတ်ဆက်ခဲ့ရပြီဖြစ်ပါတယ်။ အခြားပွဲစဉ်မှာတော့ ဂျာမနီနဲ့ ဆွစ်ဇာလန်ကို ၁-၁ နဲ့ သရေကျခဲ့တာကြောင့် ဂျာမနီက အုပ်စုပထမ၊ ဆွစ်ဇာလန်က အုပ်စုဒုတိယနဲ့ ရှုံးထွက် ၁၆ သင်း အဆင့်သို့ အသီးသီး တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။