ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ပြီးနောက် ကွယ်လွန်သူဂျိုတာကို သတိရနေခဲ့တဲ့ ရော်ဘတ်ဆန်
ဒီနေ့မနက်ပိုင်း၊ ဒိန်းမတ်ကို ၄-၂ ဂိုးဖြင့် အနိုင်ယူကာ လာမယ့်နှစ်ကမ္ဘာ့ဖလားပြိုင်ပွဲဆီ တိုက်ရိုက်ဝင်ခွင့်ရရှိပြီးနောက် အခုရာစုနှစ်အတွင်း စကော့တလန်အသင်းရဲ့ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားယှဉ်ပြိုင်မှုကို မြင်တွေ့ရပါတော့မယ်။ ၁၉၉၈ ခုနှစ်မှာ နောက်ဆုံးအကြိမ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆင်နွှဲခဲ့တဲ့ စကော့တစ်ရှ်တွေက ဂလပ်စကိုမြို့ရှိ ဟမ်ဒင်ပတ်ခ်ကွင်းမှာ သမိုင်းဝင်နိုင်ပွဲတစ်ခုကို တီယာနေး၊ မက်ကလိန်းတို့ရဲ့နောက်ကျသွင်းဂိုးတွေနဲ့အတူ ဖော်ဆောင်နိုင်ခဲ့ပါတယ်။
ပွဲစဉ်အပြီး စကော့တလန်အသင်းခေါင်းဆောင်ရော်ဘတ်ဆန်က သူ့ရဲ့ကစားသမားဘဝသက်တမ်းတလျှောက် အထူးခြားဆုံးအာင်မြင်မှုကို ရရှိခဲ့ပေမယ့် စိန်ခေါ်မှုများပြားလှတဲ့ တစ်နေ့တာကာလကို ဖြတ်သန်းခဲ့ရတယ်လို့ ဖွင့်ဟပြောဆိုပါတယ်။ BBC နဲ့တွေ့ဆုံချိန် ရော်ဘတ်ဆန်က “ ကျွန်တော် အကောင်းဆုံးဖုံးကွယ်ထားခဲ့တယ်ဆိုပေမယ့် ဒီနေ့မှာ ကျွန်တော် အနည်းငယ်စိတ်ဓါတ်ကျနေခဲ့ပါတယ်။ ကျွန်တော့်ရဲ့အသက်အရွယ်ကို ကျွန်တော်သိပါတယ်။ ဒါက ကမ္ဘာ့ဖလားမှာပါဝင်ယှဉ်ပြိုင်ဖို့ ကျွန်တော့်အတွက် နောက်ဆုံးအခွင့်အရေးတောင် ဖြစ်သွားနိုင်ပါတယ်။ ဒီနေ့မှာဆိုရင် ကျွန်တော့်ရဲ့သူငယ်ချင်းဒီယိုဂိုဂျိုတာကို တကယ်ကို သတိရနေခဲ့ပါတယ်။
ကျွန်တော်တို့နှစ်ဦးလုံး ကမ္ဘာ့ဖလားပြိုင်ပွဲအကြောင်း အများကြီးပြောခဲ့ဖူးပါတယ်။ သူက ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို ဒဏ်ရာကြောင့် လွဲချော်ခဲ့သလို ကျွန်တော်ကိုယ်တိုင်လည်း စကော့တလန်နဲ့အတူ ခြေစစ်ပွဲမအောင်မြင်လို့ လွဲချော်ခဲ့ပါတယ်။ ကျွန်တော်တို့နှစ်ဦးကြားမှာ ဒီကမ္ဘာ့ဖလားပြိုင်ပွဲကြီးက ဘယ်လိုဖြစ်လာမလဲဆိုတာ အမြဲတမ်းဆွေးနွေးခဲ့ကြပါတယ်။ အခုတော့ သူက ကျွန်တော့်ကို တနေရာရာမှ ပြုံးပြီးကြည့်နေလိမ့်မယ်ဆိုတာ သေချာပါတယ်။ ဒါကြောင့်ပဲ တစ်နေ့လုံး ဂျိုတာအကြောင်းကိုပဲ ကျွန်တော် တွေးနေမိခဲ့ပါတယ်။ အခုလိုပုံစံအတိုင်း အဆုံးသတ်နိုင်လို့ ကျွန်တော် ဝမ်းသာမိပါတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် ရော်ဘတ်ဆန်က သာမန်ပွဲကစားချိန်အတွင်း ဒိန်းမတ်ရဲ့နှစ်ကြိမ်တိုင်တိုင်ချေပမှုကို ကျော်ဖြတ်နိုင်ခဲ့တဲ့ သူ့ရဲ့လက်ရွေးစင်အသင်းဖော်တွေကိုလည်း ချီးကျူးခဲ့ပါတယ်။ အခုပွဲစဉ်မှာ အိမ်ရှင်တွေက ဒုတိယပိုင်းနာကျင်အချိန်ပိုရောက်ရှိချိန်မှသာ လိုအပ်နေတဲ့ အဖိုးတန်အနိုင်ဂိုးတွေကို သွင်းယူခဲ့ပြီး ရော်ဘတ်ဆန်ကိုယ်တိုင်လည်း လက်ရှိစကော့တလန်အသင်းကစားသမားတွေရဲ့ဘောလုံးအရည်သွေးနဲ့ ကျွမ်းကျင်မှုအပေါ် ယုံကြည်မှုအပြည့် ရှိနေခဲ့ပါတယ်။
နိုင်ပွဲရယူခဲ့ပုံနဲ့ပတ်သက်လို့ စကော့တလန်အသင်းခေါင်းဆောင်က “ ဒါက ဒီအသင်းတစ်ခုလုံးကို လွှမ်းခြုံပြီး ပြောတာပါ။ အဆုံးသတ်သွားပြီလို့ ဘယ်တော့မှမပြောလိုက်ပါနဲ့။ကျွန်တော်တို့က ရူးသွပ်ချင်စရာပွဲစဉ်တစ်ခုရဲ့ အဆုံးသတ်အထိ ဆက်သွားနေရုံပါပဲ။ တကယ့် အခွင့်အရေးကောင်းတစ်ခုဖြစ်ခဲ့ပြီး ကျွန်တော်တို့နိုင်ငံအတွက် ကြိုးစားပေးနိုင်ခဲ့လို့ အားလုံးနဲ့ထိုက်တန်မယ်လို့ ယုံကြည်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရရှိပြီဆိုတာ ကျွန်တော်ဖြင့် ယုံတောင်မယုံနိုင်ပါဘူး”လို့ ပြောပါတယ်။