The network connection is lost.

Banner Image

ဆိုဘိုဆလိုင်းကြောင့် ဟန်ဂေရီကိုအနိုင်မရခဲ့ပေမယ့် ကတိအတိုင်း ဆိုဘိုဆလိုင်းကို ဂျာစီပေးအပ်ခဲ့တဲ့ ရော်နယ်ဒို

ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဟန်ဂေရီကို ၂-၂ နဲ့သရေကျခဲ့တဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ပြိုင်ဘက်အသင်းမှ ဒိုမီနစ်ဆိုဘိုဆလိုင်းရဲ့နောက်ကျသွင်းဂိုးကြောင့် အနိုင်ရလဒ်နဲ့လွဲချော်ခဲ့ပေမယ့် ပေးထားတဲ့ကတိအတိုင်း ဆိုဘိုဆလိုင်းကို သူ့ရဲ့ဂျာစီပေးအပ်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့စက်တင်ဘာလက ပေါ်တူဂီနဲ့ ဟန်ဂေရီတို့ထိပ်တိုက်တွေ့ဆုံခဲ့ရာမှာ ဆိုဘိုဆလိုင်းက ရော်နယ်ဒိုထံ ဂျာစီသွားတောင်းခဲ့ပေမယ့် ထိုစဉ်က ရော်နယ်ဒိုဟာ အခြားသူတစ်ယောက်ကိုပေးထားခဲ့ပြီးဖြစ်တာကြောင့် နောက်တစ်ခေါက်မှပေးမယ်လို့ ကတိပေးထားခဲ့တာဖြစ်ပါတယ်။

ထိုစဉ်က ရော်နယ်ဒိုက "ပေါ်တူဂီမှာငါတို့ပြန်တွေ့တဲ့အခါ ငါ့ရဲ့အိမ်ကွင်းဂျာစီ မင်းကိုပေးမယ်။ အဆင်ပြေလား" လို့ပြောထားခဲ့တာဖြစ်ပါတယ်။ ယခု လစ္စဘွန်းမှာယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာတော့ ပေါ်တူဂီအနေနဲ့ အနိုင်ရဖို့နီးစပ်ခဲ့ပေမယ့် ဆိုဘိုဆလိုင်းရဲ့နောက်ကျသွင်းဂိုးကြောင့် သရေသာရခဲ့သော်လည်း ရော်နယ်ဒိုကတော့ သူပေးထားတဲ့ကတိကို တည်ခဲ့ပြီး လီဗာပူးကြယ်ပွင့်ကို ဂျာစီပေးခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာသာ အနိုင်ရခဲ့ပါက ပေါ်တူဂီဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို သေချာပေါက်ဝင်ခွင့်ရမှာဖြစ်ပေမယ့် ဆိုဘိုဆလိုင်းရဲ့ချေပဂိုးကြောင့် သရေသာရခဲ့လို့ လက်ကျန်ပွဲစဉ်တွေမှာ အာရုံစိုက်သွားရဦးမှာဖြစ်ပါတယ်။ သို့သော် တစ်ဖက်မှာ သရေတစ်မှတ်ကြောင့် ဟန်ဂေရီအနေနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အောင်မြင်ဖို့အတွက် မျှော်လင့်ချက်ရှိနေဆဲဖြစ်ပါတယ်။ 

ပွဲအပြီးမှာ ဆိုဘိုဆလိုင်းက "ဟန်ဂေရီတစ်သင်းလုံးအတွက် ကျွန်တော်ဂုဏ်ယူပါတယ်။ ပွဲချိန်တစ်လျှောက်လုံးကျွန်တော်တို့တိုက်ပွဲဝင်ခဲ့ကြပြီး နောက်ဆုံးအချိန်အထိ ကစားအားမချခဲ့ပါဘူး။ ပွဲကို ကောင်းကောင်းစတင်နိုင်ခဲ့ပြီး ပွဲချိန်တစ်ဝက်လောက်မှာ ကစားအားကျသွားပေမယ့် ပြန်လည်စုစည်းနိုင်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

ယခုပွဲစဉ်ဟာ ပွဲကစားချိန်မိနစ် ၉၀ ကျော်မှချေပဂိုးခွင့်ပြုခဲ့ရတဲ့ပေါ်တူဂီအတွက် စိတ်ပျက်စရာဖြစ်ခဲ့ပေမယ့် ရော်နယ်ဒိုကတော့ ၂ ဂိုးအထိသွင်းယူနိုင်ခဲ့တာကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲအဆင့်မှာ သွင်းဂိုးအများဆုံးကစားသမားအဖြစ် စံချိန်သစ်စိုက်ထူနိုင်ခဲ့ပါတယ်။ ယခင်က ဂွါတီမာလာကစားသမားဟောင်း ကားလို့စ်ရုဇ်က ခြေစစ်ပွဲအဆင့်မှာ သွင်းဂိုးအများဆုံးကစားသမားအဖြစ်ရပ်တည်ထားနိုင်ခဲ့တာဖြစ်ပြီး ယခုအခါမှာ ရော်နယ်ဒိုက ၂ ဂိုးအသာနဲ့ထိပ်ဆုံးကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ 

ဒါ့အပြင်ရော်နယ်ဒိုရဲ့ နိုင်ငံတကာသွင်းဂိုးစံချိန်ကလည်း ဆက်လက်တိုးမြင့်လာခဲ့ပြီး ပေါ်တူဂီသားဟာ နိုင်ငံ့လက်ရွေးစင်ကစားသမားဘဝ သွင်းဂိုး ၁၄၃ ဂိုးနဲ့ အများဆုံးအဖြစ် စံချိန်တင်နေဆဲဖြစ်ပါတယ်။