The network connection is lost.

Banner Image

ဟန်ဂေရီနဲ့ပွဲမှာ ၂ ဂိုးသွင်းပြီး ဘောလုံးလောကရဲ့ စံချိန်သစ်တစ်ခုကို ထပ်မံရရှိခဲ့ပြန်တဲ့ ရော်နယ်ဒို

ဗုဒ္ဓဟူးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ဟန်ဂေရီဘက်ကို ၂ ဂိုးအထိသွင်းယူနိုင်ခဲ့တဲ့ ပေါ်တူဂီစူပါစတား ခရစ္စတီယာနိုရော်နယ်ဒိုဟာ ယခုအခါမှာတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲအဆင့်အတွင်း သွင်းဂိုးအများဆုံးကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ အသက်-၄၀ နှစ်အရွယ်ရှိပြီဖြစ်တဲ့ရော်နယ်ဒိုဟာ အဆိုပါပွဲစဉ်မှာ ခြေစစ်ပွဲအဆင့်အတွင်း ၄၁ ဂိုးနဲ့ ၄၂ ဂိုးမြောက်သွင်းဂိုးတွေကိုရရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့စက်တင်ဘာလက စံချိန်တူထားခဲ့တဲ့ ဂွါတီမာလာလက်ရွေးစင်ကစားသမားဟောင်း ကားလို့စ်ရုဇ်ကို ၂ ဂိုးအထိကျော်ြဖတ်နိုင်ခဲ့တာဖြစ်ပါတယ်။ 

ရော်နယ်ဒိုအနေနဲ့ အဆိုပါစံချိန်ကို ပြီးခဲ့တဲ့တနင်္ဂနွေနေ့ အိုင်ယာလန်နဲ့ပွဲစဉ်မှာကတည်းက ချိုးဖျက်နိုင်ဖို့နီးစပ်ခဲ့ပေမယ့် ပင်နယ်တီလွဲချော်ခဲ့တာကြောင့် ယခုဟန်ဂေရီနဲ့ပွဲစဉ်မှသာ စံချိန်သစ်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုဟာ ယခုပွဲစဉ်မှာ ၂ ဂိုးအထိသွင်းယူနိုင်ခဲ့တာကြောင့် နိုင်ငံတကာဘောလုံးလောကအတွင်း ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ၁၄၃ ဂိုးနဲ့ ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်ထားနိုင်ခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ ရော်နယ်ဒိုအနေနဲ့ ပေါ်တူဂီအတွက် ၂ ဂိုးအထိသွင်းပြီး အကောင်းဆုံးကူညီပေးနိုင်ခဲ့ပေမယ့် နိုင်ပွဲနဲ့တော့လွဲချော်ခဲ့ပြီး ဟန်ဂေရီမှ ဆက်ဇ်လိုင်းနဲ့ ဆိုဘိုဆလိုင်းတို့ရဲ့သွင်းဂိုးတွေကြောင့် ၂-၂ ဆိုတဲ့သရေရလဒ်နဲ့သာကျေနပ်ခဲ့ရပါတယ်။ ယခုပွဲစဉ်ကိုအနိုင်ရရှိပါက ပေါ်တူဂီဟာ ကမ္ဘာ့ဖလားဝင်ခွင့်ရရှိဖို့ သေချာမှာဖြစ်ပေမယ့် သရေသာကျခဲ့တာကြောင့် လက်ကျန်ပွဲစဉ်တွေမှာ အာရုံစိုက်ပြီး ကစားသွားရဦးမှာဖြစ်ပါတယ်။ 

အဆိုပါပွဲစဉ်အပြီးမှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် ရော်နယ်ဒိုက "ကျွန်တော်တို့ရဲ့ပန်းတိုင်နဲ့တဖြည်းဖြည်းနီးစပ်လာခဲ့ပါပြီ။ ဆက်သွားကြစို့ ပေါ်တူဂီ" ဆိုတဲ့စာသားကို ရေးသားမျှဝေခဲ့ပါတယ်။ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဆင့်အတွင်း ၄၁ ဂိုးအထိသွင်းယူထားနိုင်တဲ့ရော်နယ်ဒိုဟာ ခြေစစ်ပွဲအဆင့် သွင်းဂိုးအများဆုံးကစားသမားစာရင်းမှာ တတိယနေရာကရပ်တည်နေတဲ့ အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီထက် ၅ ဂိုးအထိအသာရနေတာလည်းဖြစ်ပါတယ်။ 

ရော်နယ်ဒိုအနေနဲ့ တစ်ဦးချင်းစံချိန်တွေကို ကစားသမားဘဝတစ်လျှောက် ဆက်တိုက်ချိုးဖျက်နေပေမယ့် လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ပေါ်တူဂီနဲ့အတူ ဆုဖလားအောင်မြင်မှုရရှိဖို့အတွက်လည်း ဆက်လက်ကြိုးစားသွားရဦးမှာဖြစ်ပါတယ်။ ယခင်ကတော့ရော်နယ်ဒိုဟာ ၂၀၁၆ ယူရိုဆုဖလားကိုဆွတ်ခူးနိုင်ခဲ့ခြင်းက သူ့အတွက် ကမ္ဘာ့ဖလားအောင်မြင်မှုရရှိသလိုခံစားခဲ့ရကြောင်း ပြောကြားခဲ့ဖူးပါတယ်။ ယူနိုက်တက်ကြယ်ပွင့်ဟောင်းက "ပေါ်တူဂီအတွက် ယူရိုဖလားရတာက ကမ္ဘာ့ဖလားရသလိုပါပဲ။ ကျွန်တော့်အနေနဲ့ အသင်းနဲ့အတူ နေရှင်းလိဂ်နဲ့ ယူရိုဖလားတို့ကိုဆွတ်ခူးနိုင်ခဲ့လို့ အရမ်းကျေနပ်ပါတယ်"

"ကျွန်တော်က စံချိန်တွေကြောင့် ဘောလုံးဆက်ကစားဖို့ တွန်းအားရနေတာတော့မဟုတ်ပါဘူး။ ဘောလုံးကစားဖို့သက်သက်ပဲ တွန်းအားတွေရနေတာပါ။ စံချိန်မှတ်တမ်းတွေက သူ့ဘာသာပေါ်လာခဲ့တာပါ။ ကျွန်တော်က စံချိန်တွေနောက်မလိုက်ပါဘူး။ စံချိန်တွေကပဲ ကျွန်တော့်နောက်လိုက်လာခဲ့တာပါ" လို့ပြောကြားခဲ့ပါတယ်။