The network connection is lost.

Banner Image

လိဒ်နဲ့ပွဲစဉ်အပြီး လီဗာပူးအသင်းရဲ့စိတ်ဓါတ်ပိုင်းကို မေးခွန်းထုတ်လိုက်တဲ့ ဆိုဘိုဆလိုင်း

လိဒ်ယူနိုက်တက်ကို နှစ်ဂိုးပြတ်ဦးဆောင်နိုင်ပြီးမှ သုံးဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်အပြီး ဆိုဘိုဆလိုင်းက လီဗာပူးအသင်းရဲ့အနိုင်ရရှိလိုစိတ် ပျောက်ဆုံးသွားခဲ့ပြီလို့ ဆွေးနွေးခဲ့ပါတယ်။
ပွဲစဉ်အပြီး ဆိုဘိုဆလိုင်းက “ ၂-၀ ဂိုးဖြစ်သွားပြီးနောက် ဘာတွေဖြစ်သွားသလဲဆိုတာ ကျွန်တော် မသိတော့ပါဘူး။ ကျွန်တော့်အမြင် ကျွန်တော်တို့အသင်းက ဒီပွဲတော့ ပြီးသွားပြီလို့ ထင်ခဲ့ပုံရပါတယ်။ ပွဲအစမှာကတည်းက ဒီလိုပွဲစဉ်မျိုးဆိုတာ ဘယ်လိုအခြေအနေမျိုးမှာမှ လျှော့တွက်လိုက်လို့မရဘူးဆိုတာ ကျွန်တော်တို့ သိထားခဲ့ပါတယ်။
ပင်နယ်တီသွင်းဂိုးရရှိပြီးနောက် သူတို့တွေ အရှိန်အဟုန်ရသွားတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့လည်း ကောင်းမွန်တဲ့တုံ့ပြန်မှုတစ်ခုနဲ့ ပြန်လာနိုင်ပေမယ့် အလွတ်တည်ကန်ဘောမှတဆင့် ဂိုးပြန်ပေးလိုက်ရတာ ပျော်စရာမကောင်းတော့ပါဘူး”လို့ ဆိုပါတယ်။
လီဗာပူးရဲ့ခြေစွမ်းကျဆင်းမှုဟာ ယုံကြည်မှုပိုင်းဆိုင်ရာပြဿနာတွေကြောင့်လားဆိုတဲ့မေးခွန်းကို ဆိုဘိုဆလိုင်းက “ ကျွန်တော်လည်း မသိပါဘူး။ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တစ်ဖက်နှစ်ဂိုးစီသရေကျသွားချိန် ကျွန်တော်တို့က ကောင်းမွန်တဲ့တုံ့ပြန်မှုတစ်ခုနဲ့ ကျွန်တော်တို့ရဲ့စိတ်ဓါတ်ပိုင်းကို ပြသနိုင်ခဲ့ပါတယ်။
၂-၂ ဂိုးဆိုတဲ့ရလဒ်ဆီ ပြန်ရောက်ရှိလာအောင် ခွင့်ပြုပေးလိုက်ခြင်းဖြင့် ကျွန်တော်တို့တွေ အမှားကျူးလွန်မိတယ်ဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ်။ ဒါပေမဲ့ ရလဒ်နဲ့ပတ်သက်လို့ ကျွန်တော့်မှာ ပြောစရာစကား မရှိပါဘူး”လို့ တုံ့ပြန်ခဲ့ပါတယ်။
ဟန်ဂေရီသားက အသင်းရဲ့ဆိုးရွားလှတဲ့စွမ်းဆောင်ရည်ပိုင်းကြောင့် ကစားသမားတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲဆိုတာ ထုတ်ပြောဖို့မရှိသလို ‘အဝတ်လဲခန်းကိစ္စတွေကို အဝတ်လဲခန်းထဲမှာသာ ထားရှိပြီး အများပြည်သူသိရှိအောင် မလုပ်သင့်ဘူး’ ဆိုတဲ့ မူကို ထိန်းသိမ်းခဲ့ပါတယ်။
ဆိုဘိုဆလိုင်းက “ ဖြေရှင်းနည်းတွေရှာဖွေပြီး ဒါတွေကို စီမံကိုင်တွယ်သွားရပါမယ်။
ကျွန်တော်လည်း လာမယ့်အင်္ဂါနေ့(အင်တာမီလန်နဲ့ပွဲစဉ်) သို့မဟုတ် အခုသီတင်းပတ်ကုန်(ဘရိုက်တန်နဲ့ပွဲစဉ်) အတွက် အခွင့်အရေးတွေ အမြဲတမ်းရရှိနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်လည်သုံးသပ်သွားရမယ့် အချိန်ဆိုတာလည်း ရှိပါတယ်။ အိမ်ပြန်ပြီး ဖြစ်နိုင်ချေရှိတဲ့ အရာရာတိုင်းကို လုပ်ခဲ့ပြီးပြီလားဆိုတာ စဉ်းစားရပါမယ်။ အဖြေက Yes ဆိုရင်တော့ ဒီအတိုင်းပဲ ဆက်သွားကြရုံပါပဲ။ အရှိန်အဟုန်ကောင်းဆိုတာ ရောက်ရှိလာပါလိမ့်မယ်”လို့ ဆိုပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံသရဖူဆွတ်ခူးနိုင်ခဲ့တဲ့အသင်း ရှိနေတုန်းပဲလားဆိုတဲ့ မေးခွန်းကို ဆိုဘိုဆလိုင်းက “ မေးခွန်းကောင်းတစ်ခု ဖြစ်ပါတယ်။ ပြောဖို့တော့ ခက်ပါတယ်။ 
ပြီးခဲ့တဲ့နှစ်မှာ ကျွန်တော်တို့တွေ ချန်ပီယံဖြစ်ခဲ့ပြီး အခုတော့ ဘယ်သောင်ဘယ်ကမ်းဆီရောက်နေသလဲဆိုတာ ကျွန်တော် မသိတော့ပါဘူး။ အသင်းတိုင်းက အကောင်းဆုံးကစားနေကြသလို ချန်ပီယံတွေကိုလည်း အနိုင်ယူချင်ကြပါတယ်။ ဒါကို ရာသီမစတင်ခင်ကတည်းက ကျွန်တော်တို့ သိထားခဲ့ပါတယ်။
ဖြေရှင်းနည်းတွေ ရှာဖွေပြီး တုံ့ပြန်မှုတွေ ပြသသွားနိုင်ဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်။ ဝါရင့်ကစားသမားတွေကိုပဲ ဆိုလိုတာမဟုတ်ပါဘူး….. အားလုံးမှာ တာဝန်ရှိတာပါ။ လူတိုင်းလူတိုင်း ကွင်းတွင်းမှာ ဒီအသင်းအမှတ်တံဆိပ်အတွက် တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာ ပြသသွားရပါမယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။