The network connection is lost.

Banner Image

အက်ဖ်အေဖလားမှာ နောဝစ်ချ်ကိုနိုင်ခဲ့လို့ ဝမ်းသာမိကြောင်းပြောကြားလာတဲ့ ဖာကီ

တနင်္ဂနွေနေ့ညက ကစားခဲ့တဲ့ FA Cup ပဉ္စမအဆင့်ပွဲစဉ်မှာ နောဝစ်ချ်စီးတီးအသင်းကို အနိုင်ရရှိခဲ့ပြီးနောက် လိဒ်ယူနိုက်တက်နည်းပြ ဒန်နီယယ်ဖာကီက သူ့အနေနဲ့ အလွန်ဝမ်းမြောက်မိကြောင်း ပြောကြားခဲ့ပါတယ်။ ရှောင်လောင်းစတပ်ဖ်၊ ဂါဘရီရယ် ဂတ်မွန်ဆန်နဲ့ ဂျိုးလ်ပီရိုးတို့ရဲ့ ဂိုးတွေကြောင့် လိဒ်အသင်းက ၃-၀ နဲ့ အနိုင်ရရှိခဲ့တာပါ။

ပွဲအပြီးမှာ ဖာကီက "ကျွန်တော် အပြင်မှာ ပြောခဲ့သလိုပါပဲ၊ ဖလားပြိုင်ပွဲတစ်ခုရဲ့ ပွဲစဉ်တစ်ရက်ကို စိတ်ကူးနဲ့ ပုံဖော်ကြည့်မယ်ဆိုရင် ဒီနေ့ပွဲလိုမျိုး ဖြစ်လာဖို့ပဲ ပုံဖော်မိမှာပါ" လို့ ဆိုပါတယ်။

"ပထမဆုံးအနေနဲ့ နောဝစ်ချ်ကို ချီးကျူးချင်ပါတယ်။ သူတို့ ဒီနေ့မှာ သတ္တိရှိရှိ ကစားခဲ့ကြပြီး ကျွန်တော်တို့အတွက် ပွဲကို ခက်ခဲအောင် လုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီနေ့မှာ လူစာရင်းကို ၉ နေရာအထိ အပြောင်းအလဲ လုပ်ခဲ့ပါတယ်။ ပုံမှန်အားဖြင့်တော့ အသင်းရဲ့ စွမ်းဆောင်ရည်အတွက် ဒီလောက်အထိ လူစာရင်း အပြောင်းအလဲ အများကြီး လုပ်တာဟာ သိပ်မကောင်းလှဘူးဆိုတာ ခင်ဗျားတို့လည်း သိကြမှာပါ"

"ဒါပေမဲ့ ဒီနေ့မှာတော့ ကျွန်တော်တို့ တကယ်ကို တည်ငြိမ်တဲ့ စွမ်းဆောင်ရည်တစ်ခုကို ပြသနိုင်ခဲ့ပါတယ်။ ပွဲထဲကို ရောက်ဖို့ ၁၀ မိနစ်၊ ၁၅ မိနစ်လောက် အချိန်ယူခဲ့ရတယ်လို့ ခံစားရပေမဲ့ အဲ့ဒီနောက်မှာတော့ ပထမပိုင်းမှာ တကယ်ကို ကောင်းမွန်တဲ့ ကစားဟန်နဲ့ ဂိုးနှစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်"

"ပွဲထဲမှာ VAR ကြောင့် ဂိုးနှစ်ဂိုးလည်း ပယ်ဖျက်ခံခဲ့ရသလို အခွင့်အရေး နှစ်ကြိမ်၊ သုံးကြိမ်လောက်လည်း လွဲချော်ခဲ့ပါသေးတယ်။ ယေဘုယျအားဖြင့်တော့ ကစားသမားတွေ အများကြီး အသစ်ဝင်လာတဲ့အခါ (ကောင်းကောင်းကစားဖို့ဆိုတာ) လွယ်ကူတဲ့အရာ မဟုတ်ပါဘူး။ ဒါက ကစားသမားတွေရဲ့ အရည်အသွေးနဲ့ မဆိုင်ဘဲ (အသင်းလိုက် ဟန်ချက်ညီဖို့) အမြဲတမ်း ခက်ခဲလေ့ရှိပါတယ်။ လူစာရင်းမှာ ၂ ယောက်၊ ၃ ယောက်လောက်ပဲ ပြောင်းလဲပြီး အသင်းရဲ့ အဓိကကျောရိုး ကစားသမားတွေအပေါ် အမှီပြုလို့ရတဲ့အချိန်မှာ ပိုလွယ်ကူပေမဲ့ ၉ ယောက်အထိ ပြောင်းလဲလိုက်တာကတော့ တကယ်ကို ခက်ခဲပါတယ်။ ဒါကြောင့်လည်း အခုလို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ထုတ်ပြနိုင်ခဲ့တာ ဖြစ်ပါတယ်"

"ကျွန်တော်တို့ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့ပါပြီ။ အခုအချိန်မှာ FA Cup ကို ဆွတ်ခူးနိုင်ဖို့ ကျွန်တော်တို့အပါအဝင် အသင်း ၈ သင်းပဲ ကျန်တော့တာမို့ ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့တာဟာ တကယ်ကို ခံစားချက် ကောင်းပါတယ်။ ဒီနေ့ကတော့ ဒီထက်ပိုပြီး ကောင်းဖို့ မရှိတော့ပါဘူး၊ ကစားသမားတွေကိုလည်း ချီးကျူးချင်ပါတယ်" လို့ ဖာကီက ပြောပါတယ်။

ကွာတားဖိုင်နယ်မှာ ဘယ်အသင်းနဲ့ တွေ့ချင်သလဲလို့ မေးမြန်းရာမှာတော့ ဖာကီက "ကျွန်တော့်မှာ ဆုတောင်းတစ်ခု တောင်းလို့ရမယ်ဆိုရင်တော့ သေချာပေါက် အိမ်ကွင်းပွဲစဉ် ဖြစ်ဖို့ပါပဲ" လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။