The network connection is lost.

Banner Image

ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာ အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့တဲ့ လိဒ်ယူနိုက်တက်ရဲ့စိတ်ဓါတ်ပိုင်းကို နည်းပြဖာကီ ချီးကျူး

ဘရန့်ဖို့ဒ်နဲ့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ အယ်လန်ရုဒ်ကွင်းပွဲစဉ်အပြီး ပရီးမီးယားလိဂ်ရာသီအဖွင့်ရှုံးပွဲမရှိစံချိန် ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တဲ့ လိဒ်ယူနိုက်တက်ကစားသမားတွေရဲ့စိတ်ဓါတ်ပိုင်းကို နည်းပြဒန်နီရယ်ဖာကီက ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အပြီး ပြိုင်ဘက်ကို နောက်မှလိုက်ကစားခဲ့ရတဲ့ လိဒ်ယူနိုက်တက်က အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးကယ်လ်ဗတ်လီဝင်ရဲ့ဒုတိယပိုင်းသွင်းဂိုးနဲ့အတူ အဖိုးတန်တစ်မှတ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။

ဖာကီက ပထမပိုင်း ၄၅ မိနစ်မှာ ဘရန့်ဖို့ဒ်ရဲ့ကစားပုံ ပိုမိုကောင်းမွန်တယ်လို့ ဝန်ခံခဲ့ပေမဲ့ ဒုတိယပိုင်းပွဲချိန်အတွင်း လိဒ်ကစားသမားတွေရဲ့တုံ့ပြန်နိုင်မှုအပေါ် ဝမ်းမြောက်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

သတင်းမီဒီယာတွေနဲ့တွေ့ဆုံချိန် ဖာကီက "ကျွန်တော်တို့အတွက် အလွန်ကောင်းမွန်တဲ့ တစ်မှတ်ဖြစ်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့မျှော်လင့်ထားသလိုပဲ တကယ့်ကို ခက်ခဲပြီး ရှုပ်ထွေးတဲ့ ပွဲစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။

ဘရန့်ဖို့ဒ်က အကောင်းဆုံးခြေစွမ်းပြသနေတဲ့အသင်း ဖြစ်ပါတယ်။ သူတို့က ပထမပိုင်းမှာ တကယ့်ကိုကောင်းမွန်ခဲ့သလို ပထမပိုင်းအပြီး ပွဲစဉ်ကိုဦးဆောင်ထားနိုင်ဖို့အတွက်လည်း ထိုက်တန်ခဲ့ပါတယ်။ သူတို့က ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့ပါတယ်။

ဒီနေ့မှာ ကျွန်တော်ရဲ့တောင်းဆိုမှုများပြားပုံအပေါ် ကောင်လေးတွေရဲ့တုံ့ပြန်ပုံကို အလွန်ဂုဏ်ယူမိပါတယ်။ ပထမဆုံးအနေနဲ့ နော်တင်ဟမ်ဖောရက်စ်ကို အဝေးကွင်းမှာ နှစ်ကြိမ်ဆက်အနိုင်ရရှိပြီး ရာသီသစ်ကို အကောင်းဆုံးစတင်ထားနိုင်လို့ ပထမဆုံးအိမ်ကွင်းပွဲစဉ်အတွက် လူတိုင်း စိတ်လှုပ်ရှားနေခဲ့ကြပါတယ်။

အဲဒီနောက်မှာတော့ ခြေစွမ်းပြသနေတဲ့ ဘရန့်ဖို့ဒ်အသင်း ရောက်ရှိလာပြီး ပထမပိုင်းမှာ အရည်အသွေးမြင့်မားတဲ့ကစားဟန်ကို ပြသသွားပါတယ်။

ဒါက ကျွန်တော်တို့အတွက် ခက်ခဲခဲ့ပါတယ်။ ဟုတ်ပါတယ်၊ ကျွန်တော်တို့က ပထမပိုင်းမှာ ပိုပြီးသတ္တိရှိရှိကစားနိုင်ခဲ့သင့်ပေမဲ့ ဘရန့်ဖို့ဒ်လည်း တကယ့်ကို ကောင်းမွန်လွန်းခဲ့ပါတယ်" လို့ ဆိုပါတယ်။