ဖလော်ရီယန်ဝစ်ဇ်နဲ့ပတ်သက်ပြီး နည်းပြအဖွဲ့ဝင်တွေရဲ့အကြံဉာဏ်ပေးမှု ကို လျစ်လျူရှုခဲ့တယ်လို့ အန်းစလော့ ဝန်ခံ
ဝက်စ်ဟမ်းကို ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်အတွင်း တောက်ပခဲ့တဲ့ ဖလော်ရီယန်ဝစ်ဇ်နဲ့ပတ်သက်လို့ နည်းပြအဖွဲ့ဝင်တွေရဲ့အကြံဉာဏ်ပေးမှု ကို လျစ်လျူရှုခဲ့တယ်လို့ အန်းစလော့က အတိအလင်းဝန်ခံခဲ့ပါတယ်။ ဂျာမနီလက်ရွေးစင်ကွင်းလယ်ဖန်တီးရှင်က နိုဝင်ဘာနိုင်ငံတကာသီတင်းပတ်အပြီး ဒဏ်ရာပြဿနာတစ်ခုနဲ့အတူ နောက်ဆုံးနှစ်ပွဲဆက် လွဲချော်ခဲ့ပါတယ်။
ဒါပေမဲ့ သူက လန်ဒန်ကွင်းကြီးအတွင်း ဝက်စ်ဟမ်းကို အီဆက်ခ်၊ ဂတ်ပိုတို့ရဲ့သွင်းဂိုးတွေနဲ့ အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ ပရီးမီးယားလိဂ်ချန်ပီယံတွေအတွက် ပွဲထွက်ပါဝင်ကစားခဲ့ပါတယ်။ အခုနွေရာသီ၊ လေဗာကူဆင်မှ ပေါင် ၁၁၆ သန်းဖြင့် ပြောင်းရွှေ့လာတဲ့ ဖလော်ရီယန်ဝစ်ဇ်က ဆိုဘိုဆလိုင်း၊ မက်အယ်လစ္စတာ၊ ဂရာဗန်ဘတ်ချ်တို့နဲ့အတူ လီဗာပူးအသင်းကွင်းလယ်အင်ဂျင်ခန်းမှာ ပါဝင်လာပြီး အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။
အန်းစလော့ကိုယ်တိုင်ကတော့ ကျောနံပါတ်-၇ ကစားသမားကို ချီးကျူးမှုတွေ အများကြီးလုပ်ဖို့ တွန့်ဆုတ်နေခဲ့ပေမယ့် အသင်းအတွက် ကစားသမားရဲ့ပံ့ပိုးကူညီပေးမှုတွေကိုတော့ ကျေနပ်နေခဲ့ပါတယ်။ ဒါ့အပြင် ဒတ်ချ်လူမျိုးနည်းပြက ကြံ့ခိုင်မှု ဆိုင်ရာနည်းပြတွေရဲ့ညွှန်ကြားချက်ကို မလိုက်နာဘဲ ဖလော်ရီယန်ဝစ်ဇ်ကို ပွဲကစားဖို့ ရွေးချယ်ခဲ့ပြီး ပွဲချိန် ၇၅ မိနစ်မှာ ကာတစ်ဂျုံးစ်နဲ့ မဖြစ်မနေလူစားလဲလှယ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ရှင်းပြပါတယ်။
လီဗာပူးနည်းပြက “ ဒီအသင်းက အရမ်းကောင်းတဲ့ပွဲစဉ်တစ်ခုကို ကစားခဲ့ပါတယ်။ မကြာသေးခင်ကာလတွေတုန်းကပဲ ကစားသမားတွေဟာ သူတို့ရဲ့ပုံမှန်စံနှုန်းတွေနဲ့မကိုက်ညီတဲ့ ပွဲစဉ်တစ်ခုကို ကစားခဲ့သလားဆိုပြီး ကျွန်တော့်ဆီ မေးခွန်းတွေ အများကြီးရောက်ရှိလာခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အသင်းကိုသာ အကြိမ်တိုင်းထောက်ပြခဲ့ပါတယ်။ ဖလော်ရီယန်ဝစ်ဇ်ရဲ့အလွန်အပေါင်းလက္ခဏာဆောင်တဲ့ စွမ်းဆောင်ရည်တစ်ခုပေါ်ထွက်လာပြီးနောက် ကျွန်တော် ဒီအချက်ကို ဝန်ခံနိုင်ပါတယ်။ ဒါပေမဲ့ အသင်းရဲ့စွမ်းဆောင်ရည်ပိုင်း အများကြီးပိုကောင်းလာတယ်ဆိုတာလည်း အလေးပေးပြောကြားချင်ပါတယ်။
ကျွန်တော်တို့က ကွင်းလယ်ကစားသမားအပိုတစ်ဦးထည့်သွင်းဖို့ ကြိုးစားခဲ့ပြီး အချိန်တိုင်းမှာ ဒီလိုကွင်းလယ်ကစားသမားအပိုတစ်ဦးရှာဖွေဖို့အတွက် ဖလော်ရီယန်ဝစ်ဇ်က အလွန်အရေးကြီးခဲ့ပါတယ်။ သူ့ရဲ့ဘောလုံးပေးပို့ပုံတွေ ကောင်းမွန်သလို တစ်ချက်ထိပေးပို့မှုပုံစံတွေလည်း အဆင်ပြေပါတယ်။ ဂတ်ပိုဆီ ဘောလုံးတစ်ကြိမ်ပေးပို့ခဲ့ပြီး ဂိုးတော့ မဖြစ်လာခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့မှာ အဲ့ဒီလိုမျိုးအခိုက်အတန့်တွေ အများကြီးရှိခဲ့ပြီး အဲ့ဒီလိုအခိုက်အတန့်တွေရဲ့အများစုမှာ သူက အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်ခဲ့ပါတယ်။
စွမ်းဆောင်ရည်ပိုင်းဆိုင်ရာဝန်ထမ်းတွေကတော့ သီတင်းတစ်ပတ်ခွဲကြာအနားယူထားရပြီး လေ့ကျင့်ခန်းတစ်ကြိမ်ပဲ ဆင်းရသေးလို့ ဖလော်ရီယန်ဝစ်ဇ်ကို မဖြစ်မနေအနားပေးဖို့ လိုအပ်တယ်လို့ ကျွန်တော့်ဆီ အမြဲပြောနေခဲ့ပါတယ်။ ဒါကြောင့် သူ့ကို အသင်းအတွက်ရွေးချယ်ဖို့ဆိုတာ နည်းနည်းတော့ အန္တရာယ်များပေမယ့် အခြေအနေတစ်ခုအတွက် ခြွင်းချက်တစ်ခုလိုအပ်လာချိန်မှာတော့ ဒီနေ့လိုမျိုး ဖြစ်လာတတ်ပါတယ်”လို့ ပြောပါတယ်။
အခုပွဲစဉ်မှာ ကြိုးကြာနီတွေက ပေါင် ၁၂၅ သန်းတန်တိုက်စစ်မှူးအီဆက်ခ်ရဲ့လီဗာပူးကစားသမားဘဝ၊ ပထမဆုံးပရီးမီးယားလိဂ်သွင်းဂိုးဖြင့် ပြိုင်ဘက်ကို ဦးဆောင်နိုင်ခဲ့ပါတယ်။ အန်းစလော့က “ ဒီသွင်းဂိုးကြောင့် အီဆက်ခ်အတွက် စိတ်သက်သာရာရစေမယ်လို့ ပြောလိုက်ရင် နည်းနည်းတော့ မတရားပါဘူး။ ပုံမှန်အားဖြင့် နံပါတ်-၉ တိုက်စစ်မှူးအဖြစ် အီဆက်ခ်က အတိတ်မှာ ပွဲကစားချိန်တွေ အများကြီးရရှိခဲ့ပါတယ်။
ဒီနေ့မှာတောင် ကျွန်တော်က ပွဲချိန် ၆၈ မိနစ်မှာတင် သူ့ကို လူစားလဲလှယ်ခဲ့ပါတယ်။ သူက ပွဲတွေ အများကြီးကစားထားပြီးဖြစ်ပေမယ့် မိနစ်အားဖြင့်တော့ အရမ်းမများသေးပါဘူး။ကျွန်တော်တို့တွေ ၁-၀ ဂိုးဖြင့် ဦးဆောင်နိုင်မှုက အသင်းအတွက် အရမ်းအရေးကြီးသလို အီဆက်ခ်အတွက်လည်း အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက သူ့အတွက် တတိယမြောက်အခွင့်အရေးဖြစ်ပြီး သူ့မှာ ပွဲကစားချိန် ၁၀ မိနစ်ဝန်းကျင်တောင် မကျန်တော့ဘူးလို့ ကျွန်တော်တွေးနေမိခဲ့ပါတယ်။ လူစားမလဲခင် ဂိုးသွင်းနိုင်ဖို့ဆိုတာ ကျွန်တော်တို့အတွက်ရော၊ သူ့အတွက်ပါ အရေးကြီးပါတယ်”လို့ ပြောပါတယ်။